Monday, March 23, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချက်လေးချက် သာ ကျန်ရှိ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပြုလုပ်နေသော (၇) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အချက်လေးချက်သာ ကျန်ရှိတော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များထံမှ သိရသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြု လုပ်သော ဆွေးနွေးပွဲတွင် အများစုမှာ သဘောတူညီမှု ရရှိခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိသော အချက်လေးချက်အနက် အဓိက အရေး ကြီးသော အချက်မှာ အပစ်အခတ်ရပ်စဲပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ရပ်တည်မှုနှင့် တိုက်ရိုက်ပတ်သက်သော ကြားကာလ အစီအစဉ်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များအကြား အခြေအနေနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း ဖဒိုစောကွယ် ထူးဝင်းက ပြောကြားသည်။

“အပစ်ရပ်ပြီးနောက်ပိုင်း ကြားကာလ အစီအစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘယ်လိုရှင်သန်ရ မယ်၊ ဘယ်လိုနေရမယ်၊ ဖြစ်နိုင်ရင် ပိုနေမြဲ ကျားနေမြဲနေဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ဆန္ဒရှိနေတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေက သူတို့အဖွဲ့အစည်း ရှိနေတယ် ဆိုတာကို လက်ခံထား ဖို့ကို ဆန္ဒရှိတယ်ပေါ့။ ပြည်ထောင်စုအစိုးရ ဘက်ကတော့ ပူးတွဲပြီး ဒေသတည်ငြိမ်ရေးလုပ်ဖို့ ဆန္ဒရှိတယ်။

ဒီကြားကာလ အစီအစဉ်မှာတော့ နောက်ခံအယူအဆပိုင်း နည်းနည်းကွာမလားဆိုပြီး ဒါကို အချိန် ယူဆွေးနွေး ဖို့ ဆွေးနွေးပွဲကို နည်းနည်း နောက်ဆိုင်းထားတာပါ။ ကျန်တာအားလုံးက ပြီးသလောက် ဖြစ်နေ ပြီ” ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အပြီးသတ်ဆွေးနွေးပွဲ အဖြစ် နှစ်ဖက်ခေါင်းဆောင်များမှ သဘောတူညီထားသည့်အတွက် (၇) ကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့် မတ်လ ၃၀ ရက်နေ့ တွင် ပြန် လည်ပြုလုပ်မည် ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ကိုးကန့်နှင့် ပြန်လည်ဖြစ်ပွားနေသော ပဋိပက္ခများကို အဆင့် လိုက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယခု ဆွေနွေးပွဲရလဒ်များကို သက်ဆိုင်ရာ အဖွဲ့အသီးသီး မှ ခေါင်းဆောင်များသို့ တင်ပြမည် ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရေးတွင် ခေါင်းဆောင်ပိုင်းမှ လက် မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက လက်နက်ကိုင် ပဋိပက္ခ လျှော့ချရေးသာမက ယင်းပဋိပက္ခများ အပြီးတိုင် ရပ်စဲသွားရေးအထိ ဆက်လက်ဆောင်ရွက် မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

(၇) ကြိမ်မြောက် ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်ရာ ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့တို့ ကြားကာလ အစီအစဉ် အပါအဝင် မှတ်တမ်းအဖြစ် ထားရှိမည့် အချက်များကိုပါ အပြီးသတ် ဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ပြုလုပ်နေစဉ် ကာလအတွင်းမှာပင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေ သနှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် တပ်မတော်နှင့် တိုင်းရင်သား လက်နက်ကိုင်များကြားတိုက် ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment