Friday, January 16, 2015

ကြံ့ခိုင်ရေးပါတီဝင် လယ်သမား ခှနစ်ရာကျော် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟုဆို


လယ်ယာမြေများ သိမ်းဆည်းခံထားရသည့် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လယ်သမား(၇၀၀)ကျော်သည် လယ်ယာမြေအရေး အစိုးရက မဖြေရှင်းပါက လာမည့်မတ်လကုန်တွင် ပါတီဝင်အဖြစ်မှ နုတ်ထွက်မည်ဟု ထိုဒေသရှိ ပါတီဝင်လယ်သမား ခေါင်းဆောင် များကပြောသည်။
“ဒီပါတီက မှန်မှန်ကန်ကန် မရပ်တည်နိုင်ရင် အယုံအကြည်မရှိတော့ဘူး။ သုံးလပိုင်းကုန်လို့မှ မစစ်ဆေးပေး ရင် ပါတီဝင်နုတ်ထွက်ပွဲ တစ်ခါတည်းလုပ်မယ်” ဟု ကြံ့ခိုင်ရေးပါတီဝင် လယ်သမားခေါင်းဆောင် ကိုထက်ဇော်လင်း က ဆိုသည်။

၁၉၉၅ ခုနှစ်တွင် ပဲခူးအတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ဖလံပင်အုပ်စု ဒမငယ်သစ်ချိုကွင်း အတွင်းရှိ လယ်မြေဧက၄၅၀ကို ခမရ(၄)စစ်တပ်၊မြို့နယ် ခရိုင်အဆင့် ဌာနဆိုင်ရာများက သိမ်းယူ ခဲ့ပြီး နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အသီးသီးသို့ တင်ပြခြင်း ဆန္ဒဖော်ထုတ်ခြင်း များပြုလုပ်သော်လည်း တစ်စုံတရာ စုံစမ်းစစ်ဆေးခြင်းမပြုလုပ်ခဲ့ပေ။

အသိမ်းခံရသည့် လယ်သမားများနှင့်  မိသားစု၊ ဆွေမျိုးသားချင်း (၇၀၀)ကျော်သည် ကြံ့ခိုင်ရေး ပါတီဝင် များဖြစ်ကြပြီး ပါတီအား အယုံအကြည် မရှိတော့သဖြင့် ပါတီဝင်အဖြစ်နုတ်ထွက်ပွဲ ပြုလုပ်ရန် စီစဉ် ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက ပါတီကဘာမှ လုပ်မရဘူး။ အုပ်ချုပ်ရေးကပဲ လုပ်နေတာ။ ပါတီမှာ အာဏာမရှိဘူး လို့ပြောသွားတယ်။

လယ်သမားတွေက ကျွန်တော်တို့ပါတီဘာမှ လုပ်မရတော့ဘူးလား၊အသုံးမဝင်တော့ဘူးလားဆိုပြီး ဒေါသ ထွက်သွားတာ” ဟုလည်း လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြင့်နိုင်ကဆိုသည်။

လယ်ယာမြေပြန်လည်ရရှိရေးအတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နှင့် ဒီဇင်ဘာ ၁၀ရက်တွင် ပြုလုပ်ခဲ့ သည့် ဆန္ဒပြပွဲ နှစ်ကြိမ်စလုံးကို ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ဖြင့် အမှုဖွင့်တရားစွဲခဲ့သည်။ 

ထို့ပြင် လယ်ယာမြေပြန်လည်ရရှိရေး အကူအညီပေးရန် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်ခိုင်ဖြိုး ပါတီပဲခူးတိုင်းတာဝန်ခံတို့ထံ ၂၀၁၄ ဒီဇင်ဘာ ၁၉ ရက်က အသနားခံစာပေးပို့ ထားသည်။

လာမည့် ဇန်န၀ါရီ ၂၆ ရက်နေ့တွင်လည်း တတိယအကြိမ်မြောက် ဆန္ဒပြရန် ခွင့်ပြုမိန့်တောင်းခံထားသည်။

Mizzima - News in Burmese

No comments:

Post a Comment