Monday, January 19, 2015

ဖိလစ်ပိုင် ခရီးစဉ်အပြီး ပုပ်ရဟန်းမင်းကြီး ရောမသို့ ပြန်လည် ထွက်ခွာ


ဝတ်ပြုနှုတ်ဆက်သူ အရေအတွက် စံချိန်တင် ပမာဏမျှနှင့် တွေ့ဆုံခွင့် ရခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဖိလစ်ပိုင် နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ ဖိလစ်ပိုင်တွင် (၅)ရက်ကြာ နေထိုင်ခဲ့စဉ် အတောအတွင်း ပုပ်ရဟန်း မင်းကြီး ကြွချီရာ နေရာတိုင်းတွင် ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာဝင် အမြောက်အမြားက လာရောက် ဂါရဝ ပြု ခဲ့ကြသည်။ အရှေ့တောင်အာရှ ဒေသရှိ နိုင်ငံတွင် ကက်သစလစ် ခရစ်ယာန် ဘာသာဝင် သန်း(၈၀)မျှ ရှိနေသည်။
ထို့အပြင် ပုပ်ရဟန်းမင်းကြီး၏ ယာဉ်တန်း ဖြတ်သန်းသွားသည့် နေရာများတွင် ဘေးတစ်ဖက်တစ်ချက် ၌ ထောင်ပေါင်း သောင်းပေါင်း များစွာသော လူအများက ဆီးကြို နှုတ်ဆက်ခဲ့ကြသည်။ ဇန်နဝါရီ ၁၈ ရက်ကမူ ရာသီဥတု ဆိုးရွားနေသည့် ကြားမှပင် မြို့တော် မနီလာတွင် ကက်သလစ် ဘာသာဝင် (၆)သန်းကျော် စုရုံးကာ ရဟန်းမင်းကြီး ကို နှုတ်ဆက်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် အာရှခရီးစဉ်အဖြစ် သီရိလင်္ကာသို့ ရှေးဦးစွာ သွားရောက်ပြီး ထိုမှတစ်ဆင့် ဖိလစ်ပိုင်သို့ ခရီးဆက် ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁၉ ရက်တွင်မူ အာရှခရီးစဉ် ပြီးဆုံးပြီး လေဆိပ်သို့ ပြန်သွားချိန်တွင် လူပေါင်းများစွာက လမ်းဘေး တစ်ဖက်တစ်ချက်မှ စီတန်းပြီး ပုပ်ရဟန်းမင်းကြီးကို ဝတ်ပြု နှုတ်ဆက်ကြပြန်သည်။

ပုပ်ရဟန်းမင်းကြီး၏ ရောမသို့ အပြန်အခရီးအတွက် နှုတ်ဆက်ပွဲ အခမ်းအနားကို သမ္မတ ဘင်နီဂို အကွီနိုကိုယ်တိုင် ဦးစီးခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင် ကလေးငယ်များက “ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကို ချစ်တယ်”ဟု သီချင်းဆိုကာ ကခုန်နေခဲ့ကြသည်။ ထို့နောက်တွင်မူ ရဟန်းမင်းကြီးက လိုက်ပါပို့ဆောင် နှုတ်ဆက်သူအားလုံးကို လက်ပြနှုတ်ဆက်ကာဖိလစ်ပိုင် လေကြောင်း ၏ လေယာဉ်ပေါ် တက်ရောက်သွားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ဇန်နဝါရီ ၁၈ ရက်က မနီလာရှိ ရီဇဲလ်ဥယျာဉ်တွင် ဝတ်ပြုသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားတစ်ရပ် ကျင်းပခဲ့ရာ ကမ္ဘာ့စံချိန်တင် ပမာဏအဖြစ် လူ(၆)သန်းကျော် စုရုံးခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ဖိလစ်ပိုင်အတွင်းတွင် တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်၏ ဒဏ်ကို ဘေးသင့် ခံစားခဲ့ရသူများထံလည်း သွားရောက် ကောင်းချီးပေးခဲ့သည်။ 

၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့သည့် အင်အားပြင်းထန်လှသော မုန်တိုင်းကြီး ကြောင့် လူပေါင်း (၇၀၀၀)ကျော် သေဆုံးပြီး မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ယခုအချိန်ထိ ရုန်းကန်နေရဆဲ ဖြစ်သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment