Saturday, October 25, 2014

အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် ပြည်တွင်းရှိလေဆိပ်များတွင် လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် လေကြောင်းခရီးစဉ်များအားလုံး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ ဆောင်ရွက်မည်


အစ္စလာမ္မစ်ဂျီဟတ် IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မည်ဟု တရားဝင် ကြေညာလာသည့် သတင်းများကြောင့် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေး တိုးမြှင့်ချထားသည့် အပြင် လေကြောင်းခရီးစဉ်များအားလုံး၌လည်း ရဲတပ်ဖွဲ့ဝင်များ လိုက်ပါကာ လုံခြုံရေးဆောင်ရွက် သွားမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂၄ ရက်က သိရှိရသည်။
ထို့အပြင် လေဆိပ်အဝင်အထွက်များကို လုံခြုံရေးစစ်ဆေးရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီ နည်းပညာများဖြင့် ပြုလုပ်ထားသည့် စက်ကိရိယာများ ကိုလည်း တိုးချဲ့တပ်ဆင်ရန် စီစဉ်နေကြောင်း သိရှိရ သည်။

“ပြည်တွင်းမှာရှိတဲ့ လေဆိပ်တွေအကုန်လုံးမှာ လုံခြုံရေး ဆောင်ရွက်ချက်တွေကို အမြင့်ဆုံးအဖြစ် ဆောင် ရွက်နေတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ လေကြောင်း ခရီးစဉ်တွေ အကုန်လုံးမှာလည်း လေကြောင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးစီ လိုက်ပါပြီးတော့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ 

အခုရက်ပိုင်းမှာတော့ လေယာဉ်ပေါ်မှာ အရက်မူးနေတဲ့ နိုင်ငံခြားသား ခရီးသည်အချို့က အခြားခရီးသည် တွေ အနှောင့်အယှက်ဖြစ်အောင် ပြုမူတာတွေကိုလည်း အရေးယူနေရပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်

ထို့အပြင် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေးအရ သတိဖြင့် မိုင်းရှာဖွေ စစ်ဆေးမှုများကို တစ်နေ့လျှင် သုံးကြိမ်ပြုလုပ်ရန် ညွှန်ကြား ထားကြောင်း သတင်းရရှိသည်။ 

IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအား အကြမ်းဖက်တိုက်ခိုက်ရန် တရားဝင်ကြေညာထားသည့် နောက်ပိုင်း မှစတင်ကာ ပြည်တွင်းလုံခြုံရေး ဆောင်ရွက်ချက်ကို နိုင်ငံတော်အဆင့်အထိ တိုးမြှင့်ဆောင်ရွက် ထားကြောင်းနှင့် အသက်ဝင်နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြည်တွင်းရှိ လေဆိပ်များအနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ် တို့တွင် လုံခြုံရေးကို အထူးဂရုပြုပိုမို ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment