Wednesday, September 03, 2014

“ကန်” မြှုပ်နှံမှု အနည်းဆုံး အာဆီယံ သုံးနိုင်ငံ၌် မြန်မာ ပါဝင်


အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအနည်းဆုံး အာဆီယံနိုင်ငံ သုံးနိုင်ငံတွင် မြန်မာပါဝင်နေသေးသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန၊ စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းရေးရာဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။

အမေရိကန်နိုင်ငံမှာ အာဆီယံ ၁၀ နိုင်ငံသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၄၅၀ ကျော်ရှိပြီး စင်ကာပူနိုင်ငံက ၂၂၉ ဘီလီယံကျော်ဖြင့် ၅၀ ရာခိုင်နှုန်းကျော် ရရှိထားခြင်းဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး နိုင်ငံသုံးနိုင်ငံဖြစ်သည့် လာအိုက ကန်ဒေါ်လာသန်းပေါင်း ၁,၆၉၀ ဖြင့် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ မြန်မာက ကန်ဒေါ်လာ ၃,၅၃၁ သန်းဖြင့် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီး ယားနိုင်ငံက ကန်ဒေါ်လာ ၄,၃၇၉ သန်းဖြင့် တစ်ရာခိုင်နှုန်း ရရှိထားသည်။

အမေရိကန်မှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသော ကုမ္ပဏီပေါင်း ၁၉ ခု ရှိပြီဖြစ်ပြီး စွမ်းအင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်း၊ အီလက်ထရွန်းနစ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေကြသည်။

လက်ရှိ ၂၀၁၄ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော် ရှိသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ ရှိနေဆဲဖြစ်သော်လည်း အမေရိကန်-မြန်မာ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာသန်း ၁၀၀ ကျော် မြင့်တက်လာခဲ့သည်။

အမေရိကန်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့၍ မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တန်ဖိုးမှာ ယခင်နှစ်ထက် ကန်ဒေါ်လာသန်း ၁၀၀ နီးပါး မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့သော ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅ သန်းကျော်အထိရှိ ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိသည်။

သို့သော် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းနှင့် ကျောက်စိမ်းဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ပတ္တမြား များ တင်သွင်းခြင်းကိုမူ အမေရိကန်က ဆက်လက် တားမြစ်ထားဆဲဖြစ်သည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံကို ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးရန် စဉ်းစားလျက်ရှိပြီး မြန်မာနိုင်ငံကလည်း ယင်းအခွင့်အရေးရရှိရန် ကြိုးစားလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment