Monday, September 01, 2014

နိုင်ငံသားမစိစစ်ဘဲ ဘင်္ဂါလီများကို နေရာချထားရေး အစီအစဉ် ရခိုင်တိုင်းရင်းသားများ ကန့်ကွက်


ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ခြင်း မပြုဘဲ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကို လုပ်ဆောင်ပါက ရခိုင်တိုင်းရင်းသားများက ကန့်ကွက်သွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦး ဖြစ်သူ ဦးဦးသာပွင့်က ပြောကြားသည်။ 

အဆိုပါ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ စစ်တွေမြို့တွင် စေတနာမိုး ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်သည့် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအသင်း၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ စစ်တွေမြို့ မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေး အပြီးတွင် အဆိုပါကိစ္စကို အတည်ပြုလိုက်ကြောင်း ၎င်းကဆိုသည်။ 

အစိုးရအနေနှင့် ဘင်္ဂါလီများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်ပြီး၍ ပြန်လည်နေရာချထားရေး လုပ်ဆောင်မည် ဆိုပါကလည်း ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။

နိုင်ငံသားဖြစ်ခွင့် မရှိသူများနှင့် နိုင်ငံက အသိအမှတ်မပြုသည့် ရိုဟင်ဂျာ ဆိုသူများကို လုံခြုံရေး အစောင့် အကြပ်များနှင့် သင့်တော်သည့် နေရာတွင် ထိန်းသိမ်းထားသင့်ကြောင်း အဆိုပါ အစည်းအဝေး ရလဒ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲ ရလဒ်များကို နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း ဦးဦးသာပွင့်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တာဝန်ယူပြီးနောက်တွင် ဘင်္ဂါလီများကို ပြန်လည်နေရာ ချထားရေး၊ INGO များကို ပြန်လည်ဖိတ်ခေါ်ခြင်း များ ပြုလုပ်လာသဖြင့် ယခုကဲ့သို့ အစည်းအဝေးခေါ်ကာ ရခိုင်လူထု ဆန္ဒရ ယူခြင်း ဖြစ်ကြောင်း ပွဲစဉ်စီသူများထံမှ သိရှိရသည်။ 

နိုင်ငံတော်သမ္မတထံ တင်ပြမည့် စာတမ်းတွင် ရိုဟင်ဂျာ အမည်ခံထားသူများကို နိုင်ငံသားစိစစ်ခြင်း မရှိဘဲ ဘင်္ဂါလီကျေးရွာများသို့ ခွဲဖြန့်ချထားပေးခြင်း၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ အလုပ်အကိုင် ဖန်တီးပေးခြင်း များကို လုံးဝကန့် ကွက်ကြောင်း ဖော်ပြထားသည်။ 

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment