Wednesday, July 09, 2014

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် နည်းပညာ ဗိသုကာ ဗိုလ်ချုပ်ဟောင်းကွယ်လွန်



မြောက်ကိုရီးယားနိုင်ငံသည် အငြိမ်းစားဗိုလ်ချုပ် ဂျွန်ပြုံဟို သေဆုံးသည့်သတင်းကို ဇူလိုင်(၉)ရက်တွင် အတည်ပြု ကြေညာခဲ့သည်။ ၎င်းသည် မြောက်ကိုရီးယား နိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည်နှင့် နျူကလီးယား လက်နက် စီမံကိန်းများကို အဓိက အကောင်အထည်ဖော်ခဲ့သည့် ဗိသုကာကြီး အဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်သည်။
ဗိုလ်ချုပ်ဂျွန်သည် (၂၀၁၁)ခုနှစ်က ရာထူးမှ အငြိမ်းစားယူခဲ့ပြီး အရပ်သား ဘဝဖြင့်သာ နေထိုင်ဖြတ်သန်းခဲ့သည်။ ၎င်းသည် ဇူလိုင်လ (၈)ရက်က နှလုံးဝေဒနာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ ဂျွန်သေဆုံးခဲ့ချိန်တွင် အသက်(၈၈)နှစ် ရှိနေပြီ ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရသည် ဂျွန်၏ ဈာပနကို နိုင်ငံတော် အခမ်းအနား တစ်ရပ်အဖြစ် ကျင်းပမည်ဖြစ်ပြီး လက်ရှိ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ဈာပနအခမ်းအနား ကျင်းပရေး ကော်မတီကို ဦးစီးမည်ဟု KCNAက ဆိုသည်။ ဂျွန်သည် ကင်မ်၏ ဖခင်ဖြစ်သူ ယခင်မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ်၏ အနီးစပ်ဆုံး မဟာမိတ်နှင့် အကြံပေး တစ်ဦးလည်း ဖြစ်သည်။

ဂျွန်သည် (၁၉၉၀)ပြည့်လွန် နှစ်များက တာလတ်ပစ် ဒုံးကျည်ဒီဇိုင်းများကို စတင်အကောင်အထည်ဖော် ဖန်တီးရာတွင် ဦးဆောင်ခဲ့ပြီး ယင်းဒီဇိုင်းများကို မြောက်ကိုရီးယားထံ လက်လွှဲပေးကာ အပြန်အလှန်အားဖြင့် ဓာတ်ငွေ့လောင်စာ နည်းပညာနှင့် ယူရေနီယမ် သန့်စင်မှု နည်းပညာတို့ကို မြောက်ကိုရီးယားက ရရှိခဲ့ကြောင်း သိရသည်။

(၂၀၀၈)နှင့် (၂၀၀၉)ခုနှစ်များတွင် ဂျွန်သည် မြောက်ကိုရီးယား၏ ဒုတိယမြောက် အထင်ကရ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုနှင့် ဒုတိယမြောက် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတို့ကို ကြီးကြပ်ခဲ့သည်။ အမေရိကန်၏ ထောက်လှမ်းရေး မှတ်တမ်းများအရ ဂျွန်သည် မြောက်ကိုရီးယား နိုင်ငံ၏ နိုင်ငံတကာ လက်နက်မှောင်ခို ကုန်သွယ်မှု ကွန်ရက်များတွင် အဓိက တာဝန်ခံ ဦးဆောင်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

7Day News Journal

No comments:

Post a Comment