Thursday, July 03, 2014

မန္တလေးမှ သံဃာတော်များကို တရုတ်ရှိ သာသနိက အဆောက်အအုံများ လေ့လာရန် ပို့ဆောင်ပေးမည်



မြတ်စွာဘုရား၏ အောက်လက်ဝဲ စွယ်တော်ကိန်းဝပ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မန္တလေးမြို့ပေါ်ရှိ ရဟန်းတော် များကို လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးရန် တရုတ်ကောင်စစ်ဝန်ချုပ်က လာရောက် ဆွေးနွေးခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။
မြန်မာ-တရုတ် ဘာသာရေး ချစ်ကြည်ရေးဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကိုးကွယ်မှု၊ သံဃာများ၊ သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ တရုတ်ကောင်စစ်ဝန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေ့ဆုံပွဲကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ဒီက ဆရာတော်တွေကို လှူချင်တာမျိုး ရှိတယ်လို့ ဆိုတယ်။ ဒီက သံဃာတော်တွေကို တရုတ်နိုင်ငံက ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံတွေ လေ့လာလို့ရအောင် အလည်အပတ် ပို့ဆောင်ချင်တာ မျိုးရှိတယ်ဆိုတာကို လာဆွေးနွေးတာပါ” ဟု ၎င်းက ထပ်မံဆိုသည်။

တရုတ်နိုင်ငံသို့ မန္တလေးမှ လူငယ်များ၊ အစိုးရအဖွဲ့၊ ပညာရေးကဏ္ဍမှ တာဝန်ရှိသူများကို လေ့လာရေးခရီး စေလွှတ်ရန် အစီအစဉ်တွင် သံဃာတော်များကိုပါ လေ့လာရေးပို့ဆောင်ရန် အစီအစဉ် ထည့်သွင်းထားကြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ၏ စွယ်တော်တိုက် ဆရာတော်က မန္တလေးမြို့တော်ရှိ နိုင်ငံတော်ပရိပတ္တိ သာသနာ့တက္ကသိုလ်တွင် နှစ်ထပ်ကျောင်းဆောင် လှူဒါန်းထားမှုကို ဇူလိုင်လတွင် ရေစက်ချပွဲပြုလုပ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ စွယ်တော်သည် လေးကြိမ်တိုင် အပူဇော်ခံခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၁၉၅၅ ခုနှစ် ဆဋ္ဌသံင်္ဂါယနာ တင်သည့်အချိန် ဖြစ်သောကြောင့် ရှစ်လတာ အပူဇော်ခံခဲ့ကာ ပြည်ပတွင် အချိန်အကြာဆုံး အပူဇော်ခံခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၉၄ ခုနှစ် ရန်ကုန်၊ မန္တလေးတို့တွင် ၄၅ ရက်တာ အပူဇော်ခံခဲ့ပြီး တတိယအကြိမ်အဖြစ် ၁၉၉၆ ခုနှစ်၌ ရန်ကုန်၊ မန္တလေးတွင် သုံးလတာ (ရက်ပေါင်း ၉၀) အပူဇော်ခံခဲ့သည်။ စတုတ္ထအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး သုံးနေရာတွင် ၁၆ ရက်စီ စုစုပေါင်း ၄၈ ရက် အပူဇော်ခံခဲ့သည်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စွယ်တော် တိုက်ဆရာတော်သို့ လွှဲပြောင်းပေး အပ်သည့် လှူဒါန်းမှုအစုစုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော် (၃,၉၂၂,၂၄၄) နှင့် နိုင်ငံတကာသုံး ငွေကြေး ၆၂ မျိုး၊ လက်ဝတ်ရတနာ မျိုးစုံနှင့် ကျောက်မျက် ရတနာမျိုးစုံ၊ ခန့်မှန်းတန်ဖိုး ကျပ် ၂၂၂၉ သန်း (၂၂၂၉ ၂၀၄၆၀၀ ကျပ်)၊ ဗုဒ္ဓဆင်းတုတော်ထုရန် ကျောက်စိမ်းထည်နှင့် ကျောက်စိမ်း ပလ္လင်တော် စသည်တို့အတွက် ခန့်မှန်းတန်ဖိုး ယူရို ၃ ဒသမ ၂ သန်းတန်ဖိုးရှိ ကျောက်စိမ်းတုံးနှစ်တုံးနှင့် ဆင်းတုတော်ထားရှိမည့် ကျောင်းဆောင်၊ ဆင်းတုတော်ထုတ်လုပ်မှု ကုန်ကျစရိတ်တို့ကိုပါ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment