Friday, July 18, 2014

ဝန်ကြီးအချို့၏ တာဝန်ခံမှု မရှိသော ဖြေဆိုမှုကြောင့် လွှတ်တော်နှင့် အစိုးရ သိက္ခာကျနိုင်ကြောင်း သူရဦးရွှေမန်း ပြောကြား


လွှတ်တော်အတွင်း မေးမြန်းသော ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် အချို့၏ တာဝန်ခံမှုမရှိသော ဖြေကြားချက်များကြောင့် လွှတ်တော်နှင့် အစိုးရတစ်ဖွဲ့လုံး၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်ဇော်၏ ဖြေကြားချက်များနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ကျင်းပသော လွှတ်တော်တွင် မြန်အောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် က မြန်အောင်မြို့နယ်၊ ငါးကတ်ကျေးရွာအုပ်စုရှိ ယာမြေများပေါ်တွင် ပုဂ္ဂလိကပိုင် ရေနံချက်ဖိုများ တည် ထောင်ထားခြင်းကို အစိုးရက အရေးယူပေးနိုင်ခြင်း ရှိမရှိ မေးမြန်းရာတွင် အဆိုပါ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိတိကျကျ တာဝန်ခံ ပြောကြားခြင်း မရှိသောကြောင့် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်က “မြန်အောင် မြို့နယ်က ရေနံချက်ဖို ၂၁ ခုဟာ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတာပါ။ ဒီလုပ်လုပ်ငန်းနှင့် သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲနေပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဖြေကြားမှုသည် တိတိကျကျတာဝန်ခံခြင်းမရှိသည့်အပြင် အစိုးရအဖွဲ့ကိုပင် သိက္ခာ ကျဆင်းသွား နိုင်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။

ယင်းမေးခွန်းကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိကျသေ ချာသောအဖြေ ထပ်မံဖြေဆိုပေးရမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ညွှန်ကြားသည်။

The Voice Weekly

No comments:

Post a Comment