Saturday, July 05, 2014

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက် ဝေဖန်မှုများ ထွက်ပေါ်


ဇူလိုင်လ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်များနှင့် ပက်သတ်၍ ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း နိုင်ငံရေး၊ ဘာသာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ဇူလိုင်လ ၃ ရက်နေ့ နေ့စွဲပါ မန္တလေးမြို့ပေါ်တွင် ရန်ပြု အကျိုးဖျက်ဆီးမှု အခြေအနေ ထိန်းသိမ်းဆောင်ရွက်မှု သတင်း၌ “အမည်မသိ မူဆလင်လူမျိုး (၅၀) ဦးခန့်မှ ဒီကောင်တွေပဲ ရိုက်ကြဟု” နှင့် “ဗမာလူမျိုးများမှ ဝိုင်းဝန်းရိုက်နှက် သဖြင့်” စသည်ဖြင့် ဘာသာရေး၊ လူမျိုးရေးများကို အသေးစိတ် ထည့်သွင်းဖော်ပြမှုများ ပါရှိသည်။

“ဒီလိုအချိန်မှာ ကိုးကွယ်တဲ့ ဘာသာနာမည်တွေ ထည့်မသုံးသင့်ဘူး။ အရမ်း Sensitive ဖြစ်တယ်။ လိမ္မာပါးနပ်စွာ ရေးသင့်တယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က The Voice သို့ ပြောကြားသည်။

အစ္စလာမ် ဘာသာရေးရာကောင်စီ ဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပဋိပက္ခများ ဖြစ်ပွားမှုများကို အစိုးရအဖွဲ့က ထိရောက်စွာ ထိန်းသိမ်းနိုင်မှု မရှိသည့်အပြင် ယခုအရေးအသားများ ရေးသားမည့်အစား ဘာသာလူမျိုး မခွဲခြားဘဲ ကျူးလွန်သူများကို ဥပဒေအရ အရေးယူမှု များကိုသာ ရေးသားစေ
ချင်ကြောင်း ဆိုသည်။

“ရခိုင်က ကိစ္စမှာ သတင်းစာရေးတဲ့ မွတ်စလင်ကုလားဆိုတဲ့ အသုံးအနှုန်းက ကျင့်ဝတ်နဲ့ မညီဘူးဆိုတာ ကျွန်တော်တို့ ထောက်ပြဖူးတာ ရှိတယ်။ ဝန်ကြီးဌာန ၃၃ ခုက ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကနေ ရေးမယ်ဆိုရင် ရုံးသုံးဆိုလည်း ရုံးသုံးအတိုင်း၊ ဥပဒေလိုင်းဆိုလည်း ဥပဒေအတိုင်း ရေးသင့်တယ်။ အာဏာပိုင်တွေရေးတဲ့ အသုံးအနှုန်းကြောင့် လူထုရဲ့ အယုံအကြည် မကျစေချင်ဘူး။ ဘာသာရေးက အထိအခိုက်မခံတော့ ထုတ်ပြန်တဲ့ အပိုင်းမှာ ဆင်ခြင်ဖို့လိုတယ်” ဟု စာနယ်ဇင်းကောင်စီ ယာယီအဖွဲ့ဝင် ဦးဇော်သက်ထွေးက မှတ်ချက်ပြု ပြောဆိုသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ပတ်သက်ပြီး သစ်ထူးလွင် Website ၏ ဖော်ပြချက်များကို အခြေခံ၍ ဖြစ်ပွားသည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရပြီး သစ်ထူးလွင်မှ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment