Friday, April 04, 2014

ပါကစ္စတန်သမ္မတဟောင်း မူရှာယက်ဖ် ဗုံးခွဲလုပ်ကြံခံရမှုမှ သီသီကလေးလွတ်မြောက်

 နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခံ နေရသော ပါကစ္စတန်စစ်တပ် ခေါင်းဆောင်နှင့် သမ္မတဟောင်း ဖြစ်သူ ပါဗက်မူရှာယက်ဖ်သည် ကြာသပတေးနေ့ နံနက်တွင် ၎င်း စီးနင်းလာသော ယာဉ်တန်းကို ဗုံး ထောင်ဖောက်ခွဲမှုမှ သီသီကလေး လွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ထိုဗုံးမှာ မူရှာယက်ဖ် ဆေးရုံ တက်ကုသရာ စစ်ဆေးရုံမှ အစ္စလာမာဘတ်မြို့ပြင်ရှိ နေအိမ်သို့ သွားရာလမ်းတွင် ထောင်ထားခြင်းဖြစ်သည်။
ပေါက်ကွဲမှုကြောင့် မည်သူ မျှ ဒဏ်ရာရခြင်းမရှိသလို မည် သည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ကမှလည်း ၎င်းတို့လက်ချက်ဖြစ် ကြောင်း ဝန်ခံဖော်ထုတ်ခြင်းမရှိ သေးပေ။
‘‘သမ္မတဟောင်းသွားနေကျ လမ်းကြောင်းကမဖြတ်ခင် လေး ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုဟာ လမ်းကြောင်းက တံတားတစ်ခု အောက်မှာ တပ်ဆင်ထားပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်’’ဟု ရဲအရာရှိ လီယာကတ်နီယာဇီက ပြောသည်။
သမ္မတဟောင်းသည် နေအိမ်သို့ အပြန်လမ်းတွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့် အခြားလမ်းကြောင်းမှ သွားခဲ့ကြောင်း ၎င်းကဆိုသည်။

ပါကစ္စတန်သမ္မတဟောင်း မူရှာယက်ဖ်ဖြတ်သန်းရာလမ်းကြောင်းတွင် ဗုံးထောင် ဖောက်ခွဲမှုဖြစ်ခဲ့ရာနေရာကို စစ်ဆေးနေသော ရဲများ (Faisal Mahmood/REUTERS)
ပါကစ္စတန်နိုင်ငံကို ၁၉၉၉ မှ ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော မူရှာယက်ဖ်သည် ပြီးခဲ့သည့်မတ် လတွင် အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်ပမှ ပြန်ရောက် လာပြီးနောက် ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး နိုင်ငံတော် သစ္စာဖောက်မှု အပါအဝင် စွဲချက် များစွာဖြင့် ရင်ဆိုင်နေရသည်။
ယခု လုပ်ကြံမှုမှာ မူရှာ ယက်ဖ်၏ဘဝတွင် လေးကြိမ် မြောက် လုပ်ကြံခံရမှုဖြစ်သည်။
ပထမသုံးကြိမ်မှာ သမ္မတရာထူးဖြင့် အုပ်ချုပ်စဉ်ကာလက ဖြစ်သည်။

No comments:

Post a Comment