Monday, April 28, 2014

ညောင်လေးပင် က ဖွဲ့စည်းပုံပြင်ရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ပတ်သက်လို့


ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ညောင်လေးပင်မြို့မှာ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ မှာ ကျင်းပဖို့ ခွင့်ပြုမိန့် ကျလာပြီလို့ သိရပါတယ်။
ဒါပေမယ့် ခွင့်ပြုမိန့်ဟာ လွယ်လွယ်နဲ့ ကျခဲ့တာမဟုတ်ဘဲ ကျလာပြန်တော့လည်း အကန့်အသတ်တွေနဲ့သာ ချပေးလာတဲ့ အတွက် ဦးဆောင်သူတွေကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲအပြီး ပုဒ်မ ၁၈ နဲ့ အရေး ယူဖို့ လက္ခဏာတွေ မြင်နေရတယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုအောင်ကျော်မိုးက ဧရာဝတီကိုပြော ပါတယ်။

ခွင့်ပြုမိန့် ကို ဧပြီ လ ၁၈ ရက်နေ့မှာတင်ခဲ့ပြီးနောက်တနေ့မှာ ငြင်းလွှာပို့ပါတယ်။ ဒါနဲ့ ဦးဆောင်သူတွေက အယူခံဝင်ဖို့ ပဲခူးတိုင်း ရဲမှူးနဲ့ သွားတွေ့ပြီး အသစ်တင်ဖို့ မြို့နယ်ရဲမှူးနဲ့ ညှိနှိုင်းလုပ်ဖို့ ပြန်တင်ခဲ့ပါသေးတယ် တဲ့။

ဒါပေမယ့် လက်မခံခဲ့ဘဲ နောက်နေ့မှပဲ လက်ခံခဲ့ပြီး အခုတော့ ခွင့်ပြုမိန့် ရခဲ့ပြီလို့ သူက ဆိုပါတယ်။

လက်ကိုင် အသံချဲ့စက်အပါအဝင် အသံချဲ့စက်တခုတလေကိုမှ မသုံးရ၊ လူဦးရေတွေ ထပ်မတိုး လာစေရ၊ တင် ပြထားတဲ့ ဆိုင်းဘုတ်ကလွဲပြီး တူရိယာပစ္စည်းတွေ သုံးပြီး သီဆိုအော်ဟစ်ခြင်းတွေ မလုပ်ရ စတဲ့ တားမြစ်ချက်တွေပါတယ် လို့ သူက ဆက်ပြောထားပါတယ်။

ဒီကနေ့ လုပ်ဆောင်မယ့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲအစီအစဉ်ကို ညောင်လေးပင် မြို့ ကိုးနဝင်း စေတီကနေ မနက် ၉ နာရီ စတင်ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ရင်း ၂ ကျိတ်ရှစ်ဆူ ဘုရားမှာ ဆန္ဒ ဖော်ထုတ်ပွဲကို အဆုံးသတ်မှာဖြစ်ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ အသုံးပြုမယ့် ကြွေးကြော်သံတွေကတော့ ….

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး                       တို့အရေး
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး                                                 တို့အရေး
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး                                     တို့အရေး
ပုဒ်မ ၅၉ (ဃ)၊ ( စ)                                                   အလိုမရှိ
ပုဒ်မ ၄၃၆                                                                  ချက်ချင်းပြင်

စတာတွေ ဖြစ်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment