Monday, November 11, 2013

လွှတ်တော်အမတ်များ တင်ပြသည့် အဆိုကို ပါတီစွဲမထားဘဲ နိုင်ငံအကျိုးကို ကြည့်၍ ဆောင်ရွက်နေဟု သူရဦးရွှေမန်း ပြောကြား

Monday, 11 November 2013 

00000001Shwe-Mann-meets-with-Mandalay-Government-3
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုဝင်ဘာလ ၉ရက် မွန်းလွဲ ၁နာရီတွင် မန္တလေးတိုင်း အစိုးရအဖွဲ့ ခန်းမ၌ တိုင်းလွှတ်တော် ကိုယ်စားလှယ် များ နိုင်ငံရေးပါတီများ၊ မြို့ရွာအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့များနှင့် တွေ့ဆုံခဲ့စဉ်။
လွှတ်တော်တွင် အမတ်များက တင်ပြလာသည့် အဆိုများကို ပါတီစွဲမထားဘဲ နိုင်ငံ့အကျိုးအတွက်သာ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များနှင့် နိုဝင်ဘာလ ၉ရက်က မန္တလေးမြို့ အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်  ပြောကြားခဲ့သည်။
"လွှတ်တော်အနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင် ဆောင်ရွက်နေပါတယ်။ ပါတီစွဲ ဝါဒစွဲ လူမျိုးစွဲ ဒေသစွဲတွေ ကင်းရှင်းပြီး ပြည်သူ့အကျိုးအတွက် ဘယ်ပါတီကမဆို တင်ပြလာတဲ့ အဆိုတွေကိုလည်း နိုင်ငံအကျိုး ပြည်သူ့အကျိုး
တွက်တင်ပြတယ်လို့ယုံကြည်ပြီး ဆောင်ရွက်နေပါတယ်။"ဟု သူရဦးရွှေမန်းက ပြောသည်။
လွှတ်တော်အတွင်း၌ အမတ်များသည် ပါတီ ၁၇ ခုကို ကိုယ်စားပြုကာ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား လက်တွဲဖော်ဆောင်ပြီး ပါတီအကျိုးနှင့်ယှဉ်လျှင် နိုင်ငံတော်နှင့်ပြည်သူ အကျိုးကို ရှေးရှုကာ အကောင်ထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
"အတိတ်ကာလက ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ယနေ့ခေတ်ကာလမှာ အားလုံးအတူတကွ လက်တွဲပူးပေါင်းပြီး အကောင်ထည်ဖေါ်ဆောင်ရွက်သွားမယ်။ ပါတီတိုင်းမှန်ကန်တဲ့ အတွေးအခေါ် မှန်ကန်တဲ့ လုပ်ရပ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမယ်"ဟု ၎င်းက ပြောသည်။
ထို့အပြင် ၎င်းက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရန်အတွက် လွှတ်တော်တွင် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီး ပါတီကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းအကြံပြုရန် ပြောကြားခဲ့သေးသည်။
ထိုသို့ သူရဦးရွှေမန်းနှင့် မန္တလေးမြို့ရှိ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ တွေ့ဆုံပွဲကို နိုဝင်ဘာလ၉ရက် မွန်းလွဲ ၁နာရီခန့်မှစတင်ကာ ညနေ ၄နာရီအထိ တွေ့ဆုံခဲ့သည်။

Mizzima

No comments:

Post a Comment