Tuesday, October 15, 2013

ဗုံးတွေ့ရှိမှုများမှာ သံတွဲဖမ်းဆီးခံရမှုများနှင့် သက်ဆိုင်ခြင်းမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော

Tuesday, October 15, 2013
ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများသည် သံတွဲတွင်ဖြစ်ပွားနေသည့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီဝင်များ ဖမ်းဆီးခံရမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင်ဓမ္မာရုံတွင် ပြောကြားလိုက်သည်။
၎င်းင်းက ယင်းသို့ပြောကြားခြင်းမှာ အင်တာနက်စာမျက်နှာများတွင် ရန်ကုန်၌ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ ရှိမှုများသည် သံတွဲပဋိပက္ခတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) မှ ပါတီဝင်များကို ဖမ်းဆီးထားသဖြင့် ရခိုင်တပ်မတော်(ALP)က ထိုကဲ့သို့လုပ်ဆောင်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်ခဲ့သောကြောင့်ဖြစ်ပြီး ယင်းမှာ လုံးဝသက်ဆိုင်ခြင်း မရှိဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ဦးဇော်အေးမောင်က “ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဝင်တွေကို ဖမ်းတာ မကျေနပ်တာ မှန်ပေမယ့် ဗုံးဖောက်တယ်ဆိုတဲ့ သတင်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စကိုမကျေနပ်လို့ ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းသွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စကို လွှတ်တော်က တစ်ဆင့်ဖြေရှင်းသွားမှာပါ”ဟု ပြောသည်။
ထို့အပြင် ၎င်းက ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူရန် ကြိုးစားနေသည့် အဖွဲ့အစည်းဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို လုပ်ဆောင်ခြင်းမရှိဟုလည်း ဆိုသည်။ “ALP က အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေမလုပ်ပါဘူး။ ရခိုင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေ အများကြီးရှိခဲ့ပေမယ့် အရင်ကတည်းကလည်း မပါဝင်ခဲ့ပါဘူး” ဟုလည်း ဦးဇော်အေးမောင်က ပြောသည်။
ရခိုင်တွင် ဖမ်းဆီးခံထားရသည့်ကိစ္စနှင့် ပတ်သက်၍သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော် တင်မည်ဖြစ်သည်ဟုလည်း ဦးဇော်အေးမောင်က ပြောသည်။
ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၃ ရက်က မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် သာကေတမြို့နယ် ၃ ရပ်ကွက် ယမုံနာလမ်းပေါ်ရှိ မာန်ပြေကားမှတ်တိုင်နှင့် အခွန်လွတ်ဈေးအနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ မရှိခဲ့ပေ။
ယင်းအပြင် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့ အလုံမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင်လည်း ပေါက်ကွဲစေသည့် ပစ္စည်းတစ်ခုတွေ့ရှိခဲ့ပြီး မန္တလေးမြို့တွင်လည်း ယင်းကဲ့သို့ပင်ပေါက်ကွဲစေသည့် ပစ္စည်းတွေ့ရှိခဲ့သည်။
ကေဇင်ဦး
Mizzima - News in Burmese

No comments:

Post a Comment