Monday, October 07, 2013

အီရတ်တွင် ရှီးယားမွတ်စလင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် လူ ၆၀ ကျော် သေဆုံး

Monday, October 7, 2013
အီရတ်နိုင်ငံတွင် ရှီးယားမွတ်စလင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အသေခံဗုံးပေါက်ကွဲမှုနှစ်ခုတွင် လူအနည်း ဆုံး ၆၀ ကျော် သေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၆ ရက်က ရိုက်တာသတင်းဌာနမှ ဖော်ပြ ထားသည်။ အီရတ်နိုင်ငံမြောက်ပိုင်း မိုဆယ်မြို့တွင်လည်း သေနတ်သမားများက သတင်းယူနေသော သတင်း ထောက်နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ရဲများကဆိုသည်။ ယင်းဖြစ်ရပ်သည် အယ်ကိုင်းဒါနှင့် ဆက်စပ်နေသော ဆွန်နီစစ်သွေးကြွများ၏ လက်ချက်ဖြစ်ကြောင်း ရဲများက ဆိုသည်။ ယင်းဆွန်နီ အကြမ်းဖက်သမားများက ယခုနှစ်အတွင်း ပြန်လည်အရှိန်ရလာနေသည်။ ဆွန်နီ အစ္စလာမ်မစ်သူပုန်များနှင့် အီရတ်ရှိ အယ်လ်ကိုင်းဒါဂိုဏ်းဝင်များသည် ယခုနှစ်အတွင်း၌ တိုက်ခိုက်မှုများကို တိုးမြှင့်ပြုလုပ်လာပြီး ရှီးယားမွတ်စလင်များ နေထိုင်ရာနေရာများကို ပစ်မှတ်ထားလာကြသည်။

အကြမ်းဖက်မှုများအတွင်းတွင် ရှီးယားနှင့် ဆွန်နီဗလီများ၊ ဆွန်နီအနွယ်ဝင် ခေါင်းဆောင်များနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ဗုံးခွဲတိုက်ခိုက်မှုများလည်း ရှိနေရာ ၂၀၀၆-၂၀၀၇ ခုနှစ်က အီရတ်တွင် ထောင်နှင့် ချီ၍သေဆုံးခဲ့ရသည့် ဘာသာရေးအကြမ်းဖက်မှု ပုံစံမျိုး အီရတ်တွင်ပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေ ကြသည်။
အောက်တိုဘာ ၅ ရက် ဗုံးခွဲမှုတွင် ဘဂ္ဂဒက်မြို့ရှိ လူစည်းကားရာ နေရာတစ်ခုတွင် အသေခံဗုံးခွဲသမား တစ်ဦးက တိုက်ခိုက်မှုကြောင့် ကက်ဒ်ဟီမီယာခရိုင်သို့ ဘုရားဖူးသွားနေသော ရှီးယားဘုရားဖူး ၄၆ ဦး သေဆုံးခဲ့သည်။ စနေနေ့ နံနက်စောစောပိုင်းက ဘဂ္ဂဒက်မြို့မြောက်ဘက်ရှိ ရှီးယားအများအပြားနေထိုင်ရာ ဘလက်မြို့ တွင်အသေခံဗုံးခွဲ သမားတစ်ဦးက ကော်ဖီဆိုင်တစ်ဆိုင်ကိုတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရသည်။ လွန်ခဲ့သော ရက်ပေါင်း ၄၀ ခန့်ကစပြီး ကော်ဖီဆိုင်များသည် အသေခံဗုံးခွဲသမားများ ပစ်မှတ်ထားရာနေရာများ ဖြစ်လာနေသည်။ ဘဂ္ဂဒက်မြို့ရှိ ရှီးယားမွတ်စလင်များနေထိုင်ရာ ဒေသများတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ဇွန်လတစ်လအတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့ရသည်။ စက်တင်ဘာလကလည်း ဗုံးပေါက်ကွဲမှုကြောင့် တစ်လ အတွင်း လူပေါင်း ၉၀၀ ခန့် သေဆုံးခဲ့သည်။
ဆွန်နီဘာသာဝင်များက ရှီးယားဘာသာဝင်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့အား မကျေမနပ်ဖြစ်နေသည်။
Mizzima - News in Burmese

No comments:

Post a Comment