Friday, September 06, 2013

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်ငွေကြေး ထောက်ပံ့ခြင်း တိုက်ဖျက်ရေးအတွက် မြန်မာနှင့် အခြားလေးနိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထား

Friday, 06 September 2013

မြန်မာနိုင်ငံ အနေဖြင့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေးအတွက် ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကိုးရီးယား သမ္မတနိုင်ငံတို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။ထိုင်းနိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးရုံးနှင့် နားလည်မှု စာချွန်လွှာ ရေး ထိုးခြင်းကို ၂၀၀၅ ခုနှစ်တွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ သတင်းပို့ချက်များ စိစစ်ရေး ဗဟိုဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုးခြင်းကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးရုံးနှင့် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၃ ခုနှစ် မတ်လတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယား သမ္မတနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့နှင့် မြန်မာနိုင်ငံမှ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး အဖွဲ့တို့ ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၇ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။

ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက် ငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့အား ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း သိရသည်။ ငွေကြေးဆိုင်ရာ စုံစမ်းရေး ထောက်လှမ်းရေး အဖွဲ့သည် သတင်းပို့ဌာနများမှ ပေးပို့သော ငွေကြေးလွှဲပြောင်းမှု သတင်းပို့ချက်၊ ပစ္စည်းလွှဲပြောင်းမှု သတင်းပို့ချက်၊ သံသယဖြစ်ဖွယ် လွှဲပြောင်းမှု သတင်းပို့ချက်များကို စိစစ်ခွဲခြမ်းစိတ်ဖြာ ခြင်းများကို နေ့စဉ်ဆောင်ရွက်နေကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူမှု၊ အခွန်ရှောင်မှု၊ လက်နက်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု စသည်တို့မှ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ရန်အတွက် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ဥပဒေအမှတ် (၆/၂၀၀၂) ဖြင့် ၂၀၀၂ ခုနှစ် ဇွန် ၁၇ ရက်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်ရေးဆွဲရန် စီစဉ်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

 

No comments:

Post a Comment