Thursday, September 26, 2013

အမျိုးသမီးများကို အကာအကွယ်ပေးမည့် ဥပဒေများ ရေးဆွဲပေးရန် မြန်မာ အမျိုးသမီးဖိုရမ် တောင်းဆို

Thursday, September 26, 2013
လက်ရှိဥပဒေများမှာ အမျိုးသမီးများကို အကာအကွယ် ပေးထားခြင်း မရှိသည့်အပြင် တရားစီရင်ရေး စနစ်မှာလည်း ပျက်ယွင်းနေသောကြောင့် အမျိုးသမီးများကို အကာအကွယ် ပေးနိုင်မည့် ဥပဒေများ အသစ်ရေးဆွဲရန်နှင့် လက်ရှိဥပဒေများကို ပြင်ဆင်ပေးရန် တောင်း ဆိုကြောင်း အမျိုးသမီး အခွင့်အရေး ကာကွယ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်သော မြန်မာအမျိုးသမီး ဖိုရမ်က တောင်းဆိုလိုက်သည်။ အဆိုပါ မြန်မာအမျိုးသမီး ဖိုရမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ Excel Treasure ဟိုတယ်တွင် ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါဖိုရမ်မှ ဆွေးနွေး ချက်များကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။ “ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုင်ရာ ဥပဒေတွေ တော်တော်များများမှာ အမျိုးသမီးတွေကို ခွဲခြားထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် အမွေဆက်ပိုင်ခွင့် ဥပဒေကို ကြည့်ရင် တွေ့ရမှာပါ၊ ဒါတွေကို ပြင်ဖို့လိုပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်စောစံငြိမ်းသူက ဆိုသည်။

အာဆီယံနိုင်ငံများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး အထူးဥပဒေများ ရှိကြောင်း မြန်မာနိုင်ငံတွင် ရေးဆွဲပြဋ္ဌာန်းရန် လိုနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တိုက်တွန်း ပြောကြားသည်။

အဓမ္မပြုကျင့် ခံရမှုများတွင် တရားခံကို ဥပဒေအရ အရေးယူသော်လည်း အဓမ္မ ပြုကျင့်ခံရသော အမျိုးသမီးများကို ပတ်ဝန်းကျင်က ရှုတ်ချလေ့ ရှိသောကြောင့် ၎င်းကို ဥပဒေတစ်ရပ် အနေနနှင့် တားဆီးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောကြားသည်။

အမျိုးသမီးများကို အကာအကွယ် ပေးထားသည့် ဥပဒေများ ရှိသော်လည်း အကောင်အထည်ဖော်သည့် အစိုးရဌာန၊ တရားရေးဌာန တရားသူကြီးများ အပါအဝင် အောက်ခြေ ဝန်ထမ်းများ၏ အကျင့်ပျက်မှုကြောင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးမှု အားနည်းသကဲ့သို့ ဖြစ်နေကြောင်း ရန်ကုန်ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့်က သုံးသပ်သည်။

အဆိုပါဖိုရမ်တွင် အမျိုးသမီးများ နိုင်ငံရေးတွင် ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့် ရရှိရေး၊ အမျိုးသမီးများ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ခွင့် ရရှိရေးနှင့် အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး ကိစ္စရပ်များကို လည်း ဆွေးနွေးခဲ့ကြသည်

The Voice Weekly

No comments:

Post a Comment