Saturday, August 03, 2013

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီးနေဆဲ ဖြစ်သောကြောင့် ရေနစ်စပါးပျိုးပင်များ စိုက်ပျိုးရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံများ ပြောကြား

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် စပါးပျိုးခင်းများ ရေနစ်ခဲ့ပြီး လက်ရှိအချိန် အထိရေနစ်နေဆဲဖြစ်ခြင်းကြောင့်ရေနစ်စပါးပျိုးပင်များမှာဆက်လက်စိုက်ပျိုးရန်မဖြစ်နိုင်တော့ကြောင်း ဒေသ ခံများထံမှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့မှုများကြောင့် ဒေးဒရဲ၊ ကော့မှူး စသည့်မြို့နယ်များတွင် လက်ရှိအချိန်အထိ ရေကြီးနေပြီး ရေနစ်နေသည့် စပါးပျိုးခင်းများမှာလည်း စိုက်ပျိုး ရန်အတွက် မဖြစ်နိုင်တော့ကြောင်း ဒေသခံများက ဆိုပါသည်။

''၀ါဆိုလပြည့်နေ့ကစပြီး ရေကြီးတာ၊ အခုထိလည်း ရေကြီးနေဆဲပဲ။ ကျွန်တော်တို့ ကော့မှူးမြို့နယ်၊ ပျားမှုတ်ကျေးရွာမှာတင် ဧက ၁၀၀၀ ကျော် ရေနစ်နေတာ။ အခုချိန်ထိ ရေနစ်နေဆဲဆိုတော့ စပါး ပျိုးခင်းတွေ မှာ ပျိုးပင်တွေက ရိရွဲပြီး စိုက်ဖို့ဘယ်လိုမှ အဆင်မပြေတော့ဘူး။ မစိုက်ရသေးတဲ့ လယ်တွေမှာ လည်း ကန်သင်းမပြင်ရဘဲ တစ်ကွင်းလုံး ရေတွေဖွေးနေတော့ စိုက်ဖို့ထွန်ယက်ထားတဲ့ လယ်တွေလည်း အစက ပြန်လုပ်ရတော့မယ်'' ဟု ကော့မှူးမြို့နယ်၊ ပျားမှုတ်ကျေးရွာမှ တောင်သူ တစ်ဦး က ပြောကြား သည်။အလားတူ ဒေးဒရဲမြို့နယ်အတွင်း ပင်လယ်အား ပိတ်ဆို့ထားသည့် ရေကာတာ ကျိုးကျမှုနှင့် မိုးဆက်တိုက်ရွာသွန်းမှုကြောင့်ဇူလိုင်၂၃ရက်မှစပြီးလယ်ဧကတစ်သိန်းခွဲခန့် ရေနစ်မြုပ်နေကြောင်း၊ ဒေးဒရဲမြို့ မှာ ပင်လယ်နှင့် ထိစပ်လျက် ရှိသောကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ပင်လယ်ရေ ၀င်ရောက်မှု မရှိစေရန် အတွက် ရေကာတာ လေးခုဖြင့် ပိတ်ဆို့ကာရံ ထားရကြောင်း သိရသည်။
အဆိုပါ ရေကာတာများ ကျိုးကျခဲ့သောကြောင့် ရေကာတာများ အနီးရှိ ကန်ဆိပ်၊ ညီနောင်၊ ဂဒါနှင့် သောကြာတို့ရှိ လယ်ဧက ၂၀၀၀၀ ကျော်မှာ ပိုမိုဆိုးရွားစွာ ရေနစ်နေကြောင်း သိရသည်။
''၀ါဆိုလဆန်း၁၃ ရက်နေ့ လောက်ကစပြီး မိုးတွေသဲသဲမဲမဲရွာတယ်။ မြစ်ရေခလည်း ထောက်တော့ ရေတွေ မထွက်နိုင်ဘဲ ရေကြီးတာ။ ဒါကြောင့် ၄၅ ရက်သား၊ ရက် ၅၀ သားလောက်ရှိတဲ့ စပါးတွေ အကုန်နစ်ပြီး ကွင်းထဲမှာ ရေတွေကို ဖွေးနေတာပဲ။ ဧကအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ မြို့နယ်မှာ ၆၂ ရွာရှိတော့ အဲဒီ ၆၂ ရွာမှာ ဧကပေါင်းဆိုရင် ၁၂၀၀၀၀ ကျော်လောက် ရှိတယ်။ ကုန်းရော လဟာရောပေါ့။ ပျိုးခင်းတွေရော စိုက်မယ့် အကွက်တွေရော ရေနစ်နေတာ။ မနှစ်က ရေကြီးတုန်းကလည်း ကျွန်တော်တို့ ဘက်တွေ ပါတာပဲ။ ကျွန်တော်တို့ ဆီမှာက ၀ါဆိုလပြည့်တို့၊ နယုန်လပြည့် တို့ဆိုရင် ခုလိုရေကြီး ရေ နစ်မြုပ် တာတွေက အမြဲခံစား နေရတာပါ။ ကျွန်တော်တို့ဆီက လယ်သမားတွေက နွေဘက်ဆို စက်ထွန် အကြီးကြီးတွေနဲ့ ထွန်၊ မိုးမကျခင် အခြောက်ပစ်ကြဲပြီး စိုက်ထားတဲ့ သူကတော့ စပါးပင်လေးတွေ မြင်ရ တာပေါ့။ အစိုကြဲတဲ့ သူတွေ အကုန်ကတော့ ရေနစ်နေပါတယ်။ အစိုကြဲ ထားတာတွေက ၄၅ ရက် သားလောက် ဆိုတော့ စိုက်တော့မှာလေ။ အခု အကုန်ရေနစ်နေတော့ လယ်သမားတွေ အတော် ဒုက္ခ ရောက်နေကြတယ်။ ဒီအတိုင်းသာ ဆက်ပြီး ရေကြီးနေမယ် ဆိုရင် ဒီနှစ်အတွက် ကျွန်တော်တို့ စပါးပြန်စိုက်ဖို့လုံးဝကိုမျှော်လင့်ချက် မရှိတော့ဘူး'' ဟု ကော့မှူးမြို့နယ်မှ ဒေသခံတောင်သူ ဦးကြည်အောင် က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် ယခုဘဏ္ဍာ နှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် ရည်မှန်း ထားပြီးဖြစ်ရာမြန်မာနိုင်ငံတွင် အဓိက ဆန်စပါး ထွက်ရှိရာဧရာဝတီတိုင်း ဒေသကြီးအပါအ၀င်ဒေသအချို့၌ လက်ရှိကြုံတွေ့နေရသည့်ရေကြီးရေလျှံ မှုများကြောင့် ပြည်ပသို့လျာထားချက်ပြည့်မီစွာ ဆန်တင် ပို့နိုင်ရေး အခက်တွေ့နိုင်ကြောင်း၊ထို့ပြင်မိုးရက်ဆက်ရွာသွန်းကာပျိုးပင်များဆက်တိုက် ရေနစ်နေဆဲ ဖြစ်နေခြင်းက တောင်သူများအား ယခုနှစ် မိုးစပါး စိုက်ပျိုးရန် အခက်တွေ့ နေကြောင်းလည်း သိရသည်။

No comments:

Post a Comment