Thursday, August 01, 2013

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် ဒဏ်ကြေးငွေကို မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထား

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း မလေးရှားရောက်တရား မ ၀င်မြန်မာအလုပ်သမားများပြည်တော်ပြန်နိုင်ရေးအတွက်ကူညီဆောင်ရွက်ပေးနေသောကိုသီဟမောင်မောင် က The Daily Eleven သို့ ပြောကြားသည်။
"သူတို့ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ကျွန်တော် ပူထရာဂျာရာသွားတော့ ရင်းဂစ် ၄၀၀ နဲ့ လုပ်ပေးဖို့ လျာထားဆောင်ရွက် နေတယ်လို့ ပြောပါတယ်" ဟု ကိုသီဟမောင်မောင် က ပြောကြားသည်။

သို့သော် မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်သည် တရား မ၀င် မြန်မာအလုပ်သမားများ အားလုံးအတွက် အကျုံးဝင်မည် မဟုတ်ဘဲ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ တင်ပြခဲ့သော စာရင်းအပေါ် မူတည်ပြီး လုပ်ဆောင်ပေးမည်ဟု သိရသည်။"သူတို့က စာရွက်တစ်ရွက် ထုတ်ပေးတယ်။ statement for embassy case လို့ ခေါ်တယ်။ အဲဒီစာရွက်မှာပါတဲ့အချက်အလက်တွေကိုသံရုံးတာဝန်ရှိသူတွေကဖြည့်ပေး။အဲဒီစာရွက်နဲ့အတူ ပြည်တော်ပြန် ခွင့်လာလျှောက်သူတွေကို ရင်းဂစ် ၄၀၀ နဲ့ ဆက်လက်ဆောင်ရွက်ပေးဖို့ လျာထားတယ်လို့ ပြောတာပါ" ဟု ကိုသီဟမောင်မောင်က ပြောကြားသည်။
ထို့အပြင် ပြည်တော်ပြန်ခွင့် လျှောက်ထားခြင်းအတွက် အဆင့်များ ပြောင်းလဲသွားကြောင်း သိရသည်။ ယခင်က သံရုံးမှ ထုတ်ပေးသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထား စာရွက်နှင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနသို့သွားကာ စိစစ်မှုခံယူပြီး ဒဏ်ကြေးငွေဆောင်၊ လက်ဗွေနှိပ်ပြီး ပြည်တော်ပြန် ခွင့်အားနေ့ချင်းပြီးဆောင်ရွက်နိုင်ခဲ့သည်။ယခုအခါတွင် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားစာရွက်နှင့် မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာနသို့ သွားရောက်စိစစ်မှု ခံယူခြင်းကို ပထမဆုံး လုပ်ဆောင်ရသည်။ ထို့နောက် မလေးရှား လူဝင်မြှု ကီးကြပ်ရေးက ပြန်လည်ချိန်းဆိုသော နေ့ရက်တွင် ထပ်မံသွားရောက်ကာ ဒဏ်ငွေဆောင်ခြင်းနှင့် လက်ဗွေနှိပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ် အတွင်းက မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမ၀င် အလုပ် သမားများ ပြည်တော်ပြန်လိုပါက ပေးဆောင်ရမည့် ဒဏ်ကြေးငွေကို အထူးအစီအစဉ် ရင်းဂစ် ၄၀၀ မှ မူလ သတ်မှတ်ထားသော ရင်းဂစ် ၃၀၀၀ သို့ ပြန်လည်တိုးမြှင့် သတ်မှတ်လိုက်သဖြင့် ပြည်တော်ပြန်လိုသည့် တရားမ၀င် မြန်မာအလုပ်သမားများ အခက်အခဲ တွေ့ခဲ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ လာရောက် စာရင်းပေး ထားပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ထုတ်ယူထားသူ တရားမ၀င် မြန်မာအလုပ်သမား ၂၇၀၀ ခန့်အတွက် တိုးမြှင့်လိုက်သော ရင်းဂစ် ၃၀၀၀ အစား ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment