Tuesday, August 06, 2013

ပြည်ပခရီးသွားလုပ်ငန်း လေးလအတွင်း တရားဝင် လုပ်ကိုင်ခွင့်ပြုမည်

Tuesday, August 06, 2013
မြန်မာနိုင်ငံအတွင်းမှ ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်ရန်အ တွက် ပြည်ပခရီးသွားလုပ်ငန်းကို လေးလအတွင်း ခရီးသွား ကုမ္ပဏီများသို့ တရားဝင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်သော ပြည်ပခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲက ရရှိသည့် အချက်အလက်များကို အခြေခံ၍ ဝန်ကြီးဌာနက ဥပဒေနှင့် နည်းဥပဒေများ ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်း ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းကို ပြန်လည်ချပြ၍ အသင်းက ဖြည့်စွက်လိုသည့် အချက်များနှင့် ပြင်ဆင်လိုသည့် အချက်များကို ညှိနှိုင်းကာ အမြန်ဆုံး ထုတ်ပြန်၍ လုပ်ကိုင်ခွင့်ပြုသွား မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပါက ခရီးသွားကုမ္ပဏီများ အနေနှင့် ပြည်ပနိုင်ငံတွင်ရှိသော ခရီးသွားကုမ္ပဏီများထံမှ တိကျသော သတင်းအချက်အလက်များ ရှင်းလင်းစွာ သိရှိရန် လိုအပ်ကြောင်း၊ ပြည် တွင်းမှ ခရီးသွားမည့်သူများ လုံခြုံမှုရှိစေရန် ခရီးသွား အာမခံထားရှိရန် လိုကြောင်း ပတ္တမြားမြေ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးကျော်က ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ခရီးသွားလုပ်ငန်းဟူ၍ နှစ်မျိုးရှိသော်လည်း ယခင်အစိုးရ လက်ထက်များ တွင် နိုင်ငံခြားငွေများ ပြည်ပသို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ပြည်ပခရီး သွားလုပ်ငန်းကို တရားဝင် ခွင့်ပြုခဲ့ခြင်း မရှိကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

မြန်မာနိုင်ငံမှ ခရီးသွားများ အများဆုံး သွားရောက်သည့် နိုင်ငံများမှာ ဂျပန်၊ ကိုရီးယားနှင့် အရှေ့တောင်အာရှ နိုင်ငံများ၊ ဒုတိယအများဆုံးမှာ ဥရော ပနိုင်ငံများ၊ တတိယ အများဆုံးမှာ အမေရိကတို့ ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ဇူလိုင်လအထိ ပြည်တွင်းခရီးသွား ကုမ္ပဏီ ၁၀၀ ကျော်က ပြည်ပသို့ ခရီးသည် ပို့ဆောင်ပေးမှု သုံးသိန်းကျော် ရှိကြောင်း ပြည်ပခရီးသွားလုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment