Monday, August 05, 2013
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ ဟင်းသီးဟင်းရွက် ရောင်းချသည့်
ဆာလာယန်း ဈေးကြီး အနီးတွင် မြန်မာနိုင်ငံသား တစ်ဦး သြဂုတ်လ ၃ ရက်နေ့က
ထပ်မံ သတ်ဖြတ်ခံခဲ့ရကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာန တစ်ခုဖြစ်သည့်
BERNAMA တွင် ဖော်ပြသည်။
ဆာလာယန်း ဈေးအနီး၌ သြဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲခန့် တွင် မြန်မာနိုင်ငံသား တစ်ဦး ဓားဒဏ်ရာ
များစွာဖြင့် သေဆုံးနေပြီး ယင်းသေဆုံး မြန်မာနိုင်ငံသားမှာ စာရွက်စာတမ်း
အထောက်အထား တစ်စုံတစ်ရာ ကိုင်ဆောင်ထားခြင်း မရှိကြောင်း ယင်းသတင်းတွင်
ပါရှိသည်။
အဆိုပါ မြန်မာနိုင်ငံသားဟု ဆိုသူကို သတ်ဖြတ်ခဲ့သည့်
လက်နက် တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိကြောင်း၊ အသတ်မခံရမီ အပြန်အလှန်
တိုက်ခိုက်ခဲ့သည့်ပုံစံ တွေ့ရပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက် ဆက်နွှယ်မှု
ရှိနိုင်ကြောင်း Sentu ဒေသ ရဲဌာနမှ ရဲမှူး Zakaria Pagan က ပြော ဆိုကြောင်း
အဆိုပါ သတင်းဌာနတွင် ဆက်လက် ဖော်ပြသည်။ အသတ်ခံရသူမှာ
မြန်မာနိုင်ငံသား ဟုတ် မဟုတ် အတည်ပြုရန် သြဂုတ်လ ၃ ရက်နေ့ ညနေတွင်
အခင်းဖြစ်ပွားရာ နေရာနှင့် သေဆုံးသူကို စစ်ဆေးနေ သည့် ကွာလာလမ်ပူ ဆေးရုံကို
သွားရောက်ခဲ့ ကြောင်း၊ သို့သော်လည်း ရဲက ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသား
ဟုတ် မဟုတ် ကြည့်ရှုခွင့် မရသောကြောင့် အတည်ပြုရန် ခက်ခဲနေကြောင်း ကပုန်း
ခုနစ်ရက် သားသမီး နာရေး ကူညီမှု အသင်းမှ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
“မနက်ဖြန်မှ ကြည့်ခွင့် ပြုမယ်လို့ ရဲမှူးက ပြောတယ်။ အခုတော့ ရေခဲတိုက် ကို ပို့ထားတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးကို သြဂုတ်လ ၄ ရက်နေ့က ဆက်သွယ်
မေးမြန်းခဲ့ရာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါနေ့တွင်ပင်
ဆာလာယန်း ဈေးအနီးတွင် ဇွန်လအတွင်းက အကြမ်းဖက်ခံခဲ့ရပြီး ဆေးရုံတွင်
ဆေးကုသမှု ခံယူနေသည့် ကရင် တိုင်းရင်းသား တစ်ဦးလည်း သေဆုံးသွားကြောင်း
ကပုန်း ခုနစ်ရက် သားသမီး နာရေးကူညီမှု အသင်းမှ သိရှိရသည်။
မြန်မာနိုင်ငံသား လေးဦးသည် ဇွန်လ ၄ ရက်နေ့က ဆာလာယန်းဈေးမှ ဈေး ဝယ်ပြီး
အပြန်တွင် လူအုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှုကို ခံခဲ့ရပြီး တစ်ဦး
သေဆုံးခဲ့ကာ ကရင် တိုင်းရင်းသားမှာ ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန် စွာ
ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်မှုကြောင့် အတိတ်မေ့ ဝေဒနာ ခံစားနေ ရပြီး
ဦးခေါင်းကို လေးကြိမ် ခွဲစိတ် ကုသခဲ့သော်လည်း ထူးခြားမှု မရှိဘဲ
နှစ်လကျော်အကြာ သြဂုတ်လ ၃ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ဦးဆန်းဝင်းက
ပြောကြားသည်။
ယခု သေဆုံးသွားသူ အသက် ၂၀ ကျော်အရွယ် ကရင် တိုင်းရင်းသားမှာ Saw Eh Shee ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းတွင် နေထိုင်သူ ဖြစ်သည်။
မေလကုန်နှင့် ဇွန်လဆန်းမှ ဆာလာယန်းဈေးက စတင်ခဲ့သည့် မြန်မာနိုင်ငံ
သားများ အကြမ်းဖက်ခံရမှုကြောင့် မြန်မာ ခြောက်ဦးထက် မနည်း သေဆုံး ခဲ့ပြီး
၁၂ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ ယင်း အကြမ်းဖက်မှု ဂယက် များကြောင့်
မြန်မာနိုင်ငံက မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုကို တစ်လကျော်ကြာ
ရပ်ဆိုင်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ ပြန်လည် ပို့ခွင့်
ပြုလိုက်ပြီ ဖြစ်သည်။
အကြမ်းဖက်ခံရမှုများ ဖြစ်ပွားပြီး
နောက်ပိုင်း ဒဏ်ရာ ရရှိသူများ အပါအဝင် မြန်မာ လုပ်သား ၃၀၀၀ ကျော်
မြန်မာနိုင်ငံသို့ ပြန်လည် ရောက် ရှိနေပြီ ဖြစ်ကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
No comments:
Post a Comment