Wednesday, June 26, 2013

CNG ဈေးမြှင့်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားဟုဆို

Wednesday, June 26, 2013
တက္ကစီ အငှားယာဉ်များကို ရောင်းချသည့် သဘာဝဓာတ်ငွေ့ (CNG– Compressed Natural Gas) ဈေးနှုန်းကို သင့်တင့် မျှတသော ဈေးနှုန်းသို့ တိုးမြှင့်ရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားကြောင်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) အကြီးတန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။ ပြင်ဆင် သတ်မှတ်နိုင်ရန် တွက်ချက်ထားသည့် ဈေးနှုန်း အချို့ကို စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြထားပြီး ခန့်မှန်း ဈေးနှုန်းနှင့် ပြင်ဆင်မည့် အချိန်ကိုမူ မပြောကြားနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အိမ်နီးချင်း နိုင်ငံများတွင် CNG တစ်ကီလိုလျှင် အများဆုံး ကျပ် ၁၃၀၀ မှ အနည်းဆုံး ၆၆၆ ကျပ်ဖြင့် ညီမျှသော ဈေးနှုန်းဖြင့် ရောင်းချနေပြီး ယခုပြင်ဆင်မည့်ဈေးမှာ ကျပ် ၁၃၀၀ ခန့်ထက် မကျော်နိုင်ကြောင်း ၎င်းက ဆိုသည်။

နေပြည်တော် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ သတင်း ပြန် ကြားရေး အရာရှိ တစ်ဦးက ပြင်ဆင်မည့် CNG ဈေးနှုန်းဖြင့် သုံးစွဲပါက ကုန်ကျမည့် စရိတ်များ တွက်ချက်နေပြီး ဈေး ပြောင်းလဲပါက ကြေညာ မည်ဖြစ်ကြောင်း ပြောကြားသည်။

အငှားယာဉ်များကို ရောင်းချသည့် သဘာဝဓာတ်ငွေ့ CNG ဈေးနှုန်းကိုသာ သင့်တင့် မျှတသော ဈေးနှုန်းသို့ ဈေးမြှင့်မည် ဖြစ်သော်လည်း ခရီးသည်တင် ဘတ်စ်များအတွက်မူ CNG ဈေးနှုန်းကိုမူ တိုးမြှင့်ခြင်းမရှိဘဲ ယခုနှုန်းအတိုင်း တစ်ကီလို ၂၇၃ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ မည်ဖြစ်ကြောင်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) ၏ အကြီးတန်း အရာရှိက ဆိုသည်။

CNG ဈေးနှုန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက လျှော့ ၍ ရောင်းချခဲ့သော်လည်း အများပြည်သူအတွက် သက်သာချောင်ချိမှု မရှိဘဲ ယာဉ်ပိုင်ရှင် လူနည်းစုကိုသာ အကျိုးရှိစေခြင်းမျိုး ဖြစ်ပေါ်နေပါက CNG ဈေးနှုန်း လျှော့ရောင်းခြင်း မပြုလုပ်တော့ဘဲ လက်ရှိ ဈေးနှုန်းကို ပြင် ဆင်ရောင်းချမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့ က ကြေညာပြီးနောက် ယခုကဲ့သို့ ဈေးနှုန်း တွက်ချက်နေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ် ဇွန်လ၂၅ ရက်နေ့အထိ တရားဝင် ခွင့်ပြုထားသည့် CNG သုံး မော်တော်ယာဉ် ၂၇၅၅၁ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်မှ တစ်လလျှင် CNG ကုဗပေ သန်း ၆၀၀ ခန့်ကို ရောင်း ချပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment