Wednesday, June 26, 2013

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

Wednesday, June 26, 2013
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း သမ္မတဦးသိန်းစိန်က ဇွန်၂၅ ရက်တွင် နေပြည်တော်၊ သမ္မတအိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သော စီမံကိန်းကော်မရှင် အစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းသည် မိမိတို့အစိုးရ၏ ဦးစားပေးလုပ်ငန်း ဖြစ်သော်လည်း ယနေ့အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါး သူများ၏ အဓိက လိုအပ်ချက်သည် ငွေကြေးအရင်းအနှီး ဖြစ်ပါကြောင်း၊ ငွေကြေးအရင်းအနှီးကို စနစ်တကျ ထိထိရောက်ရောက် ချေးငှားပေးနိုင်မည်ဆိုလျှင်၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဆိုလျှင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ထို့ပြင် အမြန်တိုးတက် ပြောင်းလဲမှုကို လိုလားနေကြသည့် ပြည်သူများ အနေဖြင့် အခြေခံ ပြောင်းလဲတိုးတက်မှုများကို လက်ခံနိုင်စွမ်း မရှိသေးဘဲ အောက်ခြေမှာ ဒီအတိုင်းဘဲ၊ ဘာမှမထူးသေးဘူးဟူသည့် ဝေဖန်မှုများ ရှိနေကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ သဘောထား အမြင်များကို အလေးထားပြီး မိမိတို့ အစိုးရအနေနှင့် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့် တိုးမြှင့်ဆောင်ရွက်ကြရန် လိုကြောင်းလည်း သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။

မိမိတို့ အစိုးရ အနေဖြင့် ကျန်ရှိသည့် ၃၁ လတာ ကာလအတွင်း ပြည်သူတစ်ဦးချင်း ခံစားနိုင်သည့် ရေ၊ မီး ရရှိရေး၊ သွားလာမှု အဆင်ပြေရေး၊ ရိက္ခာဖူလုံရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘ၀ သိသာစွာ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးတာဝန်ယူပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ အစည်းအဝေး ပထမနေ့တွင် ဒုတိယသမ္မတများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

EMG

No comments:

Post a Comment