Monday, June 03, 2013

ဒေသခံတွေကကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံးအသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်

လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေးလျက် ရှိကြောင်း သိရသည်။မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာမြန်မာအလုပ်သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သတင်းရရှိပါသည်။“မေ ၃၀ မှာ မြန်မာအလုပ်သမား တစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ်အသတ်ခံရတယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါတယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါသည်။ 
ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက် က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးတစ်ယောက်ပျောက်နေတယ်လို့ကြားတယ်။ လူ ၁၀၀ ကျော်လောက် ကပုန်း ဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှု ကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူး လို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။



ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင်အကြမ်းဖက်လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿ နာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏဖြစ်နေ၊ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာ ဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင်ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြားထုတ်ပြန်တာမရှိသလိုအခြေအနေအေးဆေးရှိတယ်လို့ပဲပြောတာကြားရပါတယ်။ မြန်မာသံရုံး ရဲ့ အကူအညီကိုတော့ဆလာယန်းမှာရှိတဲ့မြန်မာတွေအခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သတ်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ် မှန်ကို စုံစမ်း၍သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။


No comments:

Post a Comment