Saturday, June 01, 2013

ကျပ်သိန်း ၂၆၀ ဖောက်ထွင်းမှု ခြောက်နာရီအတွင်းမိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ဈေးချောင်း လမ်းရှိ နေလဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ မေလ ၂၄ ရက်နေ့က ဖောက်ထွင်းခိုးယူခံရသည့် ကျပ်သိန်း ၂၆၀ ကို စတင် တိုင်ကြားချိန်မှ ခြောက်နာရီအကြာတွင် ပြန်လည်ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ အသည်ကြီးရဲတပ်ဖွဲ့ စခန်း ထံမှ သိရသည်။ လွန်ခဲ့သောရှစ်လခန့်က ယင်းဆိုင်တွင် အလုပ်လုပ်ဖူးသည့် အသက် ၂၀ အရွယ် လပြည့် (ခ)ပါစီကွေးက မေလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ယင်းဆိုင် နံဘေးရှိပေိုက်မှ တွယ်တက်ကာ လေသာဆောင်ပြတင်းပေါက်ကိုဖျက်၍ ကျပ်သိန်း ၂၆၀ ရှိ ငွေအိတ်ကို ယူသွားခြင်းဖြစ်ကြောင်း အသည်ကြီး ရဲစခန်းစစ်ချက်များအရ သိရသည်။ ဆိုင်ရှင်လာရောက် တိုင်ကြားသည်မှာ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်ဖြစ်ပြီး ငွေထုပ်သယ်ယူသွား သူကို ပုသိမ်-ငပုတော-စဥ့်ကူးကြီးသွားရေယာဉ်ပေါ်တွင် ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးရ မိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် ရန်နိုင်လတ် က ပြောကြားသည်။ သင်္ဘောပေါ်တွင်ဖမ်းမိစဉ်လပြည့် (ခ)ပါစီကွေးထံတွင် ပီနံအိတ်ဖြင့်ထည့်ထားသော ကျပ် ၂၅၈ သိန်းနှင့် ၎င်း၏ဇနီးထံမှ ကျပ်တစ်သိန်း ရှစ်သောင်းပြန်လည်သိမ်းဆည်းရမိသည့်အတွက် လပြည့်(ခ) ပါစီကွေး ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ဇနီးဖြစ်သူကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ပုသိမ်မြို့ အသည်ကြီး ရဲတပ်ဖွဲ့စခန်း ထံမှ စုံစမ်းသိရှိရသည်။ ယင်းအမှုကို အမြန်ဆုံးဖော်ထုတ်နိုင်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆုငွေ ကျပ်ငါးသိန်းနှင့် ရဲတပ်ဖွဲ့စခန်းတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ပရင်တာတစ်စုံလှူဒါန်း ခဲ့ကြောင်းနေလ ဆောက်လုပ်ရေးပစ္စည်းဆိုင် လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောကြားသည်။ တန်ဖိုးကြီး အမှုများပေါ်ပေါက်သည့်အတွက်ဝမ်းသာသော်လည်းခြံဝင်းအတွင်းရပ်ထားသည့် မော်တော်ဆိုင်ကယ်ပျောက် ဆုံးမှုမျိုးကဲ့သို့ အမှုများကိုလည်းပေါ်ပေါက်ရန်ဆောင်ရွက်စေလိုကြောင်း ဆိုင်ကယ်ပျောက်ဆုံး၍ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားသူ အမှတ်(၅)ရပ်ကွက်မှ ဦးမျိုးမြင့် က အကြံပြုသည်။
The Voice Weekly

No comments:

Post a Comment