Saturday, December 15, 2012

ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမတွင်ပြုလုပ်သော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ တင်ပြခြင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေး

 ha-14-12-2
ရန်ကုန်တက္ကသိုလ်အတွင်းရှိ ၀ိဇ္ဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်းအစည်းအဝေးသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
 ဒီဇင်ဘာလ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သော ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန်တက္ကသိုလ်အတွင်းရှိ စစ်ကိုင်းဆောင်၊ ပင်းယဆောင်နှင့် ဘွဲ့နှင်းသဘင် ခန်းမများသို့ လည်းသွားရောက်ကြည့်ရှုလေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တက္ကသိုလ် သို့ သွားရောက်မှုတွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်အား အဆင့်မြင့် တက္ကသိုလ် အဖြစ် အဆင့်တိုးမြှင့်တည်ဆောက်ရန်အတွက်  လိုအပ်သည့်လုပ်ငန်းစဉ်များနှင့် အချက်အလက်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
“အဓိကဆွေးနွေးကြတာကတော့ ရန်ကုန်တက္ကသိုလ်ကို အဆင့်တိုးမြှင့်ဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ လုပ်ဆောင်ရမယ့်အပိုင်းတွေနဲ့ ဘယ်လိုပြုပြင်လို့ရမလဲ ဆိုတာတွေကို ဆွေးနွေးကြ တာပါ။ ရန်ကုန်တက္ကသိုလ်ကို အဆင့်တိုးမြှင့်ဆောင်ရွက်ရာမှာလည်း တို့ချည်းပဲလုပ်ဆောင်နေမယ်ဆိုရင် Limitation တွေရှိနေမယ်။ သူတို့ဘက်က ပါဝင်လာမယ်ဆိုရင် ပြည်ပအကူအညီတွေလည်း ရမယ်။ ဒီတော့လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာလည်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်။ အဓိကကတော့ ရန်ကုန်တက္ကသိုလ်ကြီး လျင်လျင်မြန်မြန် နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တဲ့အတိုင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက်ပါ” ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပြခဲ့ပါသည်။
၁၉၉၆ ခုနှစ်မှစတင်ကာ ရန်ကုန်တက္ကသိုလ်၌ ပိတ်ထားခဲ့သည့် ဂုဏ်ထူးတန်းများကိုလည်း ၂၀၁၂-၁၃ ပညာသင်နှစ်မှစတင်၍ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ပြီးခဲ့သည့်  နိုဝင်ဘာလ (၁၉) ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပြည်သူလူထုကို သမိုင်းဝင်မိန့်ခွန်း တစ်ရပ် အား ပြောကြားသွားခဲ့သည်။


No comments:

Post a Comment