Friday, December 14, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ်အား ကြိုဆိုဧည့်ခံကျွေးမွေးရန် အလှူငွေများကောက်ခံနေ


ကော့သောင်း၊  ဒီဇင်ဘာ ၁၄။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဒီဇင်ဘာလ(၂၂)ရက်နေ့ မှာ   ကော့သောင်း မြို့ကို ရောက်လာတော့မှာဖြစ်ပါတယ်။ နယ်ခံNLD အဖွဲ့ဝင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ကြိုဆိုဧည့်ခံကျွေးမွေးဖို့အတွက် ကော့သောင်းမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စက်လှေပိုင်ရှင်တွေ ထံက အလှူငွေတွေကောက်ခံနေတယ်လို့သိရှိရပါတယ်။ အလှူငွေကောက်ခံခြင်းကို ကော့သောင်းမြိှု့ ဘုရင့်နောင် ရပ်ကွက်မှာရှိတဲ့ NLD ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဦးဆောင်ပြီးကောက်ခံနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပနဲ့ ပြည်တွင်းစည်းရုံးရေးခရီးစဉ်တွေမှာ စပွန်ဆာပေးတဲ့သူတွေရှိတဲ့ အခါမှာတော့ ဒီလိုမျိုး အလှူငွေကောက်ခံလေ့မရှိခဲ့ပါဘူး။ စပွန်ဆာပေးတဲ့သူတွေရှိရင် ခရီးစဉ်တွေ အဆင်ပြေပြေ ရှိခဲ့ပေမယ့် စပွန်ဆာပေးတဲ့သူမရှိတဲ့ ခရီးစဉ်တွေမှာတော့ ဒေသခံ NLD တွေကပဲ ဦးဆောင်ပြီးလှုပ်ရှား အလှူငွေကောက်ခံပြီး ဖြေရှင်းပေးနေရပါတယ်။ ဒေသခံပါတီဝင်တွေအနေနဲ့ ပါတီမှာရံပုံငွေမရှိတော့ အခုလိုမျိုး အလှူငွေတွေကောက်ခံပြီး ဧည့်ခံကျွေးမွေးနေကြရပါတယ်။ ရံပုံငွေကလဲမရှိ၊ အလှူငွေက လည်း ကောက် လို့မရတဲ့အခါမျိုးမှာတော့ ဒေသခံပါတီဝင်တွေအနေနဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေဆီ ကနေ ငွေချေးယူပြီး သုံးစွဲနေကြရတယ်လို့ ဒေသခံပါတီဝင်တစ်ဦးကပြောပြပါတယ်။
တစ်ချို့မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့လာပြီး ပြန်သွားရင် ဧည့်ခံစရိတ်များလွန်းလို့ ပါတီဝင် အချင်းချင်း အခြေအတင် စကားများကြရပါတယ်။ ဧည့်ခံစရိတ်များရတဲ့အကြောင်းကလည်း နယ်မြေခံ ပါတီဝင် NLD လူကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဖားချင်တာရယ်၊ နေရာနဲ့နာမည်ရချင်တာရယ် တွေကြောင့် ခမ်းခမ်းနားနား ကြိုဆိုလုပ်ဆောင်နေတာတွေရယ်၊ လက်ဆောင်ပေးရတာရယ်၊ ဒေါ်အောင်ဆန်းစုကြည် နောက်ကပါလာတဲ့ အဖွဲ့ဝင်တွေကိုလဲ ဧည့်ခံကျွေးမွေးရတာရယ်တွေကြောင့် ကုန်ကျစရိတ်တွေများသွားတာဖြစ်ပါတယ်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဗန်းမော်ခရီးစဉ်မှာဆိုရင်လဲ ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ကြိုဆို၊ ဧည့်ခံ၊ လက်ဆောင်ပေးဖို့အတွက် NLD ဗန်းမော်အနေနဲ့ ငွေသိန်း (၂၀၀) ကျော် အကြွေးတင် သွားပြီး ရံပုံငွေရှာပြီး ပြန်လည်ပေးဆပ်နေရကြောင်း ဗန်းမော်မြို့မှ NLD အဖွဲ့ဝင်တစ်ဦးမှလဲ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment