Thursday, November 01, 2012

စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်

ကျောက်ဖြူမှ စစ်တွေမြို့ သဲချောင်းကျေးရွာသို့ ထွက်ပြေးလာကြသော မွတ်စလင် ဒုက္ခသည်များ၏ တံငါလှေများကို အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဉ် 

ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းဒုက္ခသည်စခန်းသို့ ထပ်မံရောက်ရှိလာသော ဒုက္ခသည်များကို ၎င်းတို့ နေရင်းဒေသသို့ ပြန် ပို့ရန် စီစဉ်နေကြောင်း သိရသည်။

သဲချောင်းတွင် ယခင်ကတည်းက ရှိနေသော ဒုက္ခသည်မှာ များပြားနေသည့် အတွက် ယခုရက်ပိုင်းအတွင်း ထပ်မံ ရောက်ရှိလာသူများကို လက်ခံရန် မဖြစ်နိုင်သောကြောင့် ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ပေးရန် ရေတပ်က လုံခြုံရေး တာဝန်ယူပေးကြောင်းလည်း သိရသည်။
“သူတို့ ရောက်လာကတည်းက ဒီမှာလက်ခံထားလို့ မရဘူးဆိုတာ ပြောပြီးသားပါ။ အခု ထပ်ရောက်လာတဲ့ သူတွေက ရခိုင်ပြည်နယ် ဒေသ အများကြီးကနေ ရောက်လာတဲ့သူတွေပါ။ ဒါကြောင့် သူတို့ကို ဒီကနေပြန် သွားဖို့ စီစဉ်နေတာပါ”ဟု ဦးဝင်းမြိုင် က ဆိုသည်။
သဲချောင်းသို့ ရောက်ရှိလာသူ တချို့သည် ၎င်းတို့နှင့်အတူ ထွက်ပြေးလာသူ တချို့ ရောက်ရှိနေသည့် ဆန်တပ်မော်ကျွန်းသို့ သွားလိုသောဆန္ဒရှိနေသည့်အတွက် ၎င်းတို့ကို ထိုသို့ပို့လိုက်ခြင်းဖြစ်ကြောင်း   ပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ပြောသည်။
သို့ရာတွင် သဲချောင်းသို့ရောက်ရှိလာသည့် ဒုက္ခသည်တချို့ကမူ စစ်တပ်မှအတင်းအကျပ်ပို့ဆောင် နေခြင်း သာ ဖြစ်ကြောင်း၊ ထို့ကြောင့် တချို့က မထွက်ခွာလိုကြဘဲ သဲချောင်း ဒုက္ခသည်စခန်းအတွင်း ရှောင်ပုန်း
နေေ ကြာင်း ကျောက်ဖြူမြို့ ပိုက်ဆိုက် ရပ်ကွက်မှ သဲချောင်းသို့ ထွက်ပြေးလာသော ကမန် တိုင်းရင်းသား အစ္စလမ် ဘာသာဝင် ကိုဇော်မင်းဦး က ဧရာဝတီသို့ ပြော သည်။
“ကျနော် အခု သဲချောင်းထဲက တခြားဒုက္ခသည်တွေ အိမ်မှာရှောင်နေရတယ်။ ပါလာတဲ့ စက်လှေ ၂ စီးကို လည်း ၀မ်းဖောက်ပြီး မြှုပ်ထားလိုက်လို့ ကျနော်တခါတည်း ပါမသွားတာ။ တချို့တွေလည်း ကျန်နေသေး တယ်။ အခု စစ်တပ်က လှေပိုင်ရှင်တွေကိုလိုက်ရှာနေလို့ တချို့က သဲချောင်းဒုက္ခသည်စခန်းက အိမ်တွေ မှာ ငှားနေနေကြတယ်”ဟု သူက ဆိုသည်။
လက်ရှိအချိန်တွင် ပင်လယ်ပြင်ထဲ၌ သဲချောင်းဒုက္ခသည်စခန်းရှိရာသို့ ကမ်းကပ်ခွင့် မရသေးသော စက်လှေအစီး ၃၀ နှင့် သဲချောင်းကမ်းတွင်ကပ်ထားသော စက်လှေ ၁၄ စီးကို ယနေ့ မနက်ပိုင်း တွင် ဒေသအာဏာပိုင်များက ဆန်တပ်မော် ကျွန်းသို့ ရွှေ့ပြောင်းခိုင်းသဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ သဲချောင်း ကမ်းတွင် ဆိုက်ထားသော စက်လှေ ၁၆ စီး ကျန်နေခဲ့သေးကြောင်း သိရသည်။
ပြန်ပို့ခံရသည့် နေရပ်များတွင် ကယ်ဆယ်ရေးစခန်းကို မည်သည့်နေရာ၌ မည်သို့ဖွင့်ပေးမည်ကို အတိအကျ မပြောသေးဘဲ ရွှေ့ ပြောင်းခိုင်းနေသောကြောင့် ဒုက္ခသည်များက မပြန်ချင်ဘဲ ဖြစ်နေကြသည်ဟု စစ်တွေ မြို့ နာဇီရပ်ကွက်မှ ဒုက္ခသည် အဖြစ် သဲချောင်းသို့ ရောက်ရှိနေသူ ဦးစိုးလွင်က ပြောသည်။
“မနက်က တပ်ရင်း ၆ က လူတွေလာပြီး ကမ်းမှာဆိုက်ထားတဲ့ စက်လှေပိုင်ရှင်တွေနဲ့ လူတွေကို ဒီကနေ ပြန်ခွာသွားဖို့လာပြောတယ်။ ဒီမှာဆက်မနေဖို့လာပြောတာ။ လောလောဆယ် ဆန်တပ်မော်ကျွန်း မှာ ၅ ရက်၊ ၆ ရက်လောက် ထားမယ်။ ပြီးရင် သူတို့ နေရပ်ကိုပဲ ပြန်ပို့မလား၊ ဘယ်ကို ပို့မလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ အခု ပထမအသုတ် ထွက်သွားပြီ။ အကုန်လုံးကို ပြန်ပို့မှာလို့ ကြားတယ်”ဟု သူက ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်တွေ ဈေး သဘောင်္ဆိပ်သို့ အစ္စလမ် ဘာသာဝင် ကလေးများနှင့် မိန်းကလေးများ ပါလာသော စက် လှေ ၄ စီး ကမ်းကပ်ရန် ကြိုးစားနေသည့်အတွက် စစ်တွေဒေသခံ ရခိုင်တိုင်းရင်းသားများ က ဆိပ်ကမ်းတလျှောက် လူစုလူဝေးဖြင့် စောင့်ကြည့်နေကြကြောင်း စစ်တွေဒေသခံ ကိုထွန်းဝေ က ပြော သည်။
“အခုအခြေအနေက တင်းမာတဲ့အခြေအနေမှာ ရှိနေတယ်။ ရခိုင်လူငယ်တွေကလူစုနေကြတယ်။ ဆန်တပ်မော်ကျွန်းကနေ ဒီဘက်ကိုပို့လွှတ်လိုက်တဲ့ပုံစံမျိုးလို့ ယူဆနေကြတယ်။ အဲဒီ ဆန်တပ်မော်ကျွန်း မှာက အစ္စလမ်ဘာသာဝင်တွေနေတဲ့ ရွာ ၂ ရွာ ကျန်နေသေးတယ်။ နောက် ဟိုတလောက ရောက်လာတဲ့ အစ္စလမ် ဘာသာဝင် စက်လှေတချို့လည်း အဲဒီမှာ ရှိနေတယ်” ဟု သူက ဆိုသည်။
သဲချောင်းတွင် ကမ်းကပ်ခွင့်ရသော ကျောက်ဖြူဒေသခံ ကမန်တိုင်းရင်းသားများသည် ကမ်းကပ်ခွင့် ရရှိရန် ပင်လယ်ပြင်၌ ၄ ရက်ခန့် နေခဲ့ရပြီး ကျောက်ဖြူမှထွက်ပြေးလာစဉ် လှေပေါ်၌ရရှိခဲ့သော ဒဏ်ရာ
ကြောင့် သေဆုံးသူတချို့လည်းရှိကြောင်း၊ လှေပေါ်တွင် ကလေးမီးဖွားခဲ့သူလည်း ရှိခဲ့ကြောင်း ကျောက်ဖြူ မြို့ ပိုက်ဆိုက်ကျေးရွာမှ သဲချောင်းဒုက္ခသည်စခန်းသို့ ရောက်ရှိလာသော ကမန်တိုင်းရင်းသား   ကျောင်း ဆရာ ကိုနေစိုးနိုင်က ပြောပြသည်။
ကျောက်ဖြူမှ ရောက်ရှိလာသော ကမန်တိုင်းရင်းသားများ၏ ၈၀ ရာခိုင်နှုန်းသည် မှတ်ပုံတင် ကိုင်ဆောင်ခွင့် ရရှိထားပြီးသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့က ကမန်တိုင်းရင်းသားတွေပါ။ ပထမတော့ ရခိုင်မွတ်စလင်လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာ ကမန် တိုင်းရင်းသား တွေ ဖြစ်သွားတာပါ။ ဘင်္ဂါလီက တိုင်းရင်းသား မဟုတ်ဘူး၊ အများကြီး ကွာပါတယ်။ ကမန်က တိုင်းရင်းသားဖြစ်တယ်။ သင်္ချိုင်း ဂူတွေကို သိပ္ပံနည်းကျ စစ်ဆေးကြည့်ရင် ရပါတယ်။ ရိုဟင်ဂျာ ဆိုတာက သီးသန့်ပါ။ ကျနော်တို့ဆီမှာ ရိုဟင်ဂျာ မရှိပါဘူး။ ရိုဟင်ဂျာ အဖွဲ့ဆိုတာလည်း မရှိဘူး။ အဲဒီ လူတွေက မြောက်ပိုင်းပါ။ ကျနော်တို့က တောင်ပိုင်းသားတွေပါ”ဟု ကိုနေစိုးနိုင်က ဆို သည်။
သဲချောင်းသို့ရောက်လာသော စက်လှေတစီးတွင် လူဦးရေ ၁၅၀ ကျော် ပါလာကြောင်း၊ သဲချောင်းတွင် ရှိနေခဲ့ပြီးဖြစ်သည့် ဒေ သခံ ဒုက္ခသည်များက လိုအပ်သည်များကို ကူညီပေးနေကြောင်း သိရသည်။
သဲချောင်းတွင် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရောက်ရှိလာသော ဒုက္ခသည် ၁၉၀၀၀ ကျော် ရှိနေပြီး တားပိုင် ဒုက္ခသည်စခန်းတွင် လူ ဦးရေ ၁၀၀၀၀ ကျော် ရှိနေသည်။
အဆိုပါ ဒုက္ခသည်များသည် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရသောကြောင့် နိုင်ငံတကာမှ အကူအညီများကို ရရှိနေ သူများဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment