Wednesday, October 17, 2012

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
ကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ အောက်တိုဘာ ၁၇၊ ၂၀၁၂

အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့သည်။

ရုပ်ရှင်အနုပညာလောကထဲမှ ထူးခြားပြောင် မြောက်သည့် စွမ်းဆောင်ချက်များဖြင့် လူမှုအကျိုးများ အား စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေသူများအတွက် ၂ဝ၁၂ ခုနှစ် “ရုပ်ရှင်သူရဲကောင်းဆု” တံဆိပ်အား ဦးကျော်သူအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။
သို့သော်လည်း ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ National Endowment for Democracy 2012 Award ဆုပေးပွဲနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းတာဝန်များဖြင့် ရောက်ရှိနေသည့် အချိန်ဖြစ်သည်။
သို့အတွက် (ကိုယ်စား)အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ကိုယ်စား) ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆုပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် ၁၅.၁ဝ. ၂ဝ၁၂ ရက်နေ့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဦးဝင်းငြိမ်းတို့သည် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့လာရောက်ခဲ့ကာ၂ဝ၁၂ခုနှစ်အတွက်“ရုပ်ရှင်သူရဲကောင်းဆု”တံဆိပ်အားလာရောက်  ပေး အပ်ခဲ့ကြသည်။ ထိုအခါ နာရေးကူညီမှု အသင်း(ရန်ကုန်) အလုပ်အမှုဆောင်ဖြစ်သူ ဦးမြတ်ဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့တို့မှလည်း (ကိုယ်စား) အဖြစ် လက်ခံရယူခဲ့ပြန်သည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ ၅ဝဝဝဝဝိ/- (ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင် မှု များအား လိုက်လံရှင်းလင်း ပြသခဲ့သည်။
          ယင်း ဆုပေးပွဲမျိုးသည် ဟောလိဝုဒ်အော်စကာဆုပေးပွဲနည်းတူ အခမ်းအနားသို့ မတက်ရောက်နိုင် ခဲ့သည့် ဦးကျော်သူ(ကိုယ်စား) နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ကိုယ်တိုင် လာရောက်ပေးပို့သည့်အတွက်အဝေးမှတဆင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ယခင်အချိန် ကာလများတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့သား/သူများ၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချော အဖွဲ့ အစရှိသည့် အနုပညာရှင် ညီအစ်ကိုမောင်နှမများလာရောက်၍ လုပ်အားပေးခဲ့ကြ သလို နောက်နောင် တွင်လည်း အများအကျိုးအတွက် အတူလက်တွဲ၍ နာရေး၊ ကျန်းမာရေး၊ သဘာဝဘေးကိစ္စရပ်များအား တက်ကြွစွာဖြင့် ပါဝင်လုပ်အားဒါနပြုဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment