Sunday, September 16, 2012

ရန်ကုန်အတွက် လူနာတင်ကား ၁၀ စီး လာပါပြီ

Sunday, September 16, 2012
 
ဆေးရုံရောက်လာသမျှ ဒဏ်ရာရသူတွေ၊ အရေးပေါ်လူနာတွေထဲက ၃% က လူနာတင် ယာဉ်နဲ့ ဆေးရုံ ကို ရောက်လာပြီး ၉၇%ဟာ ကြုံရာယာဉ်တွေနဲ့ ရောက်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။အခုတော့ လူနာတင်ကား ၁၀ စီး အလှူရှင် ပေါ်လာတာကြောင့် အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြို့ဟာ အရင်ကထက်ပိုပြီး အဆင်ပြေသွားပါပြီ။

မနေ့က အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းလုပ်ငန်း စတင်ဆောင် ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဆီဒိုးနားဟိုတယ်မှာ ကျင်းပပါတယ်။ဒီလုပ်ငန်း ပူးပေါင်းဆောင် ရွက်သူများထဲမှာ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပါဝင်ပါတယ်။မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အများအပြား ရှိနေတယ်၊ မီးလောင်မှု၊ မတော်တဆမှုများအတွက် အရေးပေါ်ပြုစု ကုသမှုလိုအပ်တဲ့ နေရာတွေမှာ လူနာတင်ကား လုံလုံေ လာက်လောက် ရှိဖို့ လိုအပ်နေသေးကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော် က ပြောဆို ပါတယ်။
လူနာတင်ကား အလှူရှင်များ

ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော် ၅ စီး
ကမ္ဘောဇ - ၁ စီး
အေရှားဝေါလ် - ၁ စီး
ဧရာရွှေဝါ Group - ၁ စီး
Mother Trading, ဦးတင်အောင်ကျော်နဲ့ ဇနီး ဒေါက်တာပပ၀င်း - ၁ စီး
အရေးပေါ်လူနာအသက်ကယ်တင်ရေးအတွက်ဒီကား၁၀စီးအပြင်အလှူငွေသိန်းတထောင်လည်း ကောက်ခံရရှိထား ပါတယ်။

ဒီအခမ်းအနားကို အနုပညာရှင်များ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဦးဖေသက်ခင်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (ဗဟို ) ဥက္ကဋ္ဌ၊ ပါမောက္ခ ဦးကျော်မြင့်နိုင်၊ ပါမောက္ခ ဒေါက် တာ အောင်ထွန်းသက် တို့ အပါအ၀င် ဧည့်ပရိသတ် အများအပြား တက်ရောက်လာပါတယ်။မက်စ်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးစီး တည်ဆောက်ခဲ့တဲ့ ဧရာဝတီ ဖောင်ဒေးရှင်းကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာပါ။ ဒီဖောင်ဒေးရှင်းက မြန်မာနိုင်ငံအတွင်း လိုအပ်နေတဲ့ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အားကစား ကဏ္ဍတွေမှာ ပါဝင်ကူညီမယ်လို့ သိရပါတယ်။

မော်တော်ယာဉ်၊ အနှေးယာဉ် အရေအတွက် တနေ့တခြား မိုပိုများပြားလာတာတဲ့ မြန်မာပြည်မှာ ယာဉ် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တိုးပွားနေပါပြီ။ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ လူနာ များထဲက ၂၅%ဟာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရသူတွေဖြစ်ကြောင်း သိရပါတယ်။
လူဦးရေ ၅ သန်းဝန်းကျင် နေထိုင်မယ်လို့ ယူဆကြတဲ့ မဟာရန်ကုန်မှာ လူနာတင်ကား အများအပြား လိုအပ်သလိုပဲ ဒီကားတွေ ဆေးရုံအရောက် သွားရာမှာ အဆင်ပြေရေးအတွက် ယာဉ်ကျောပိတ်ဆို့ မှု လျှော့ချရေးကလည်း အရေးတကြီး လိုအပ်နေပါတယ်။






No comments:

Post a Comment