Tuesday, May 01, 2012

အစိုးရ နဲ့ NLD ကို ဘန်ကီမွန်း ချီးကျူး

မြန်မာပြည်ရောက်နေတဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးကဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းက မြန်မာပြည်ကိုတကြိမ်ထက်မက ရောက်ဖူးပေမယ့် မြန်မာပြည်နိုင်ငံရေးမှာအရေးအပါဆုံးပုဂ္ဂိုလ်လို့ဆိုနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဒီတခေါက်ခရီးစဉ်မှပဲ တွေ့ဆုံဖြစ်ခဲ့တာပါ။

ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က တွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေး အနာဂတ်အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းက မနေ့က နေပြည်တော် ရောက်စဉ်မှာ ပြည်ထောင်စုလွှတ်တော်ကို သွားရောက်ပြီး မိန့်ခွန်းပြောခဲ့ပါသေးတယ်။

မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို ပြောသွားတဲ့အကြောင်း အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုင်ငံတော်၏အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်သောကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်းပြည့်ဝမှုကို
ဖော်ဆောင် ပြသနိုင်ခဲ့ပါကြောင်း၊

အဖွဲ့အစည်းများအကြားတွင် မတူကွဲပြားမှုများရှိကြမည်ဆိုသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပါကြောင်း၊

ထိုမတူကွဲပြားမှုများသည်ကြီးမားနိုင်သကဲ့သို့ အသေးအမွှားလည်း ဖြစ်နိုင်ပါကြောင်း၊

ယခု ကျမ်းသစ္စာကျိန်ဆိုမှုနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေသလိုပင်ဖြစ်ပါကြောင်း၊

ယင်းကိစ္စများကိုလည်း နိုင်ငံတော်၏ ရေရှည်အကျိုးနှင့် ၎င်းတို့၏ လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူကြီးမင်းတို့၏ ခေါင်းဆောင်မှုနှင့် ရလဒ်ကို မျှော်ကိုး အားကိုးနေကြသော ပြည်သူများ၏အကျိုးကို အလေးထားပြီး လူကြီးမင်းတို့ အနေဖြင့် ဖြေရှင်းသွားနိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။

ဧရာဝတီ(Blog)

No comments:

Post a Comment