Friday, May 04, 2012

ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအခြေအနေကို ဆွေးနွေးဖို့အတွက်ဂျပန်နိုင်ငံကိုဒီနှစ်ထဲမှာသွားရောက်လည်ပတ်ဖို့ရှိတယ်လို့AFPသတင်းဌာနကဖော်ပြပါတယ်။


ပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Takashi Saito နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က… မိမိအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ပြီး မြန်မာ့နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပ ခရီးစဉ်တွေ စတင်ဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားကြောင်း မြန်မာအစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

လောလောဆယ် အထိတော့ နိုင်ငံကူးလက်မှတ် ထုတ်မပေးရသေးဘူးလို့ ဆိုပါတယ်။ဂျပန်နိုင်ငံထုတ်Nikkei သတင်းစာကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ဂျပန်ခရီးစဉ်ကိုသမ္မတဦးသိန်းစိန်ကခွင့်ပြုမယ်လို့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ၁၉၈၅ခုနှစ်ပတ်ဝန်းကျင်တဝိုက်ကဂျပန်နိုင်ငံကျိုတိုတက္ကသိုလ်မှာ မြန်မာ့သမိုင်းဆိုင်ရာ သုတေသနဆည်းပူးတုန်းကနေထိုင်ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလာမယ့်ဇွန်လအတွင်းမှာလည်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို သွားမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။
 
သစ်ထူးလွင် (Blog)

No comments:

Post a Comment